စစ်သား အတု
"သမိုင်းကောင်းခဲ့" "သမိုင်းဆိုးခဲ့" ဘယ်လိုပဲ ပြောပြော မြန်မာ့တပ်မတော် ဘာလဲ? ဘယ်လဲ? ဆိုတာ ဒီနေ့ ဒီအချိန်မှာ လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှား မြင်နေကြရပြီ။
.
စစ်သားနဲ့သူကိုင်ထားတဲ့လက်နက် ကိုယ်နဲ့ကင်းကွာလို့ မရဘူး ဆို တာ သိတယ်။
ဒါပေမယ့် မေးစရာလေးတော့ ရှိနေတယ်။
.
ကိုယ်ကိုင်ထားတဲ့ သေနတ်ပြောင်း၀ ဘယ်သူ့ကို ချိန်မှာလဲ?
.
ဖြေစရာ မလိုဘူး။
လက်တွေ့ လုပ်ပြ ရပ်တည်ပြ တာကိုပဲ ပြည်သူတွေက လိုလားတယ်။
.
တပ်ပြိုကွဲအောင် ဖြိုခွဲနေတာ မဟုတ်ဘူး။
တပ်မတော်အစစ်ဟာ ဒီကနေ့မြန်မာပြည်မှာ အမှန်တကယ် ရှိနေသေးတယ် ဆိုရင် ပြည်သူတွေကို အကာအကွယ်ပေးဖို့ ပြောနေတာ။
.
စစ်သားဆိုတာ အမိန့်ကိုပဲနာခံရမယ် - ဆိုတာ ယေဘူယျအားဖြင့်တော့ တကယ့် စစ်မြေပြင် အစစ်တွေမှာ မှန်မယ်။ နာကို နာခံရမယ်။
.
ဒါပေမယ့်
စစ်သားဆိုတာလည်း လူသားတစ်ယောက်...
သူ့မှာ မိခင်ရှိမယ်။ သားသမီးရှိမယ်။ မိသားစု ရှိမယ်။
ဒီမိသားစုကို သူ ချစ်မယ်။ သူ ကာကွယ်ရမယ် ဆိုတဲ့ အသိစိတ် ရှိမယ်။
.
ဒီနေ့ ဒီအချိန်မှာ ပြည်မြန်မာ တနံတလျား မြို့ရွာ အနှံ့အပြားက လမ်းတွေပေါ်မှာ ပြည်သူလူထု တစ်ရပ်လုံး ထွက်လာကြပြီး သူတို့ဆန္ဒ ဖေါ်ပြနေကြပြီ။
.
အထက် အမိန့်အရ
စစ်သား၊ ရဲသားတွေ လည်း ဒီ ဆန္ဒပြပွဲတွေကို နှိမ်နင်းဘို့ ဆိုပြီး ရောက်လာကြပြီ။
.
စစ်သား ရဲသား ဆိုတဲ့ ခင်ဗျားဟာ ခင်ဗျားရဲ့ သေနတ်ကို ကိုင်ထားမယ်။ အဲဒီလို ရောက်လာကြတဲ့ အထဲမှာ ပါလာမယ်။
.
ဒီအချိန်မှာ ခင်ဗျားရဲ့ အမေ၊ ခင်ဗျားရဲ့မိခင်ဟာ
တိုင်းပြည်အတွက် အသိစိတ်ဓာတ်နဲ့၊ အဲ့ဒီလူအုပ်ထဲမှာ ပါလာပြီး ခင်ဗျားရဲ့ရှေ့တည့်တည့်မှာ လာရပ်မယ်။
ဒါမှမဟုတ်
ခင်ဗျားရဲ့ သမီး၊ ခင်ဗျားရဲ့သားဟာ ခင်ဗျားရဲ့ရှေ့တည့်တည့်မှာ လာရပ်မယ်။
.
ဒီအချိန်မှာ ခင်ဗျားရဲ့အရာရှိက ပြည်သူတွေကို ပစ်ဘို့ ပစ်မိန့်ပေးလိုက်မယ်။
(အဲဒီ ပစ်မိန့်ပေးရဲတဲ့ အရာရှိဟာ စစ်သား အတုပဲ ဖြစ်မယ်)
.
ဘယ်သူ့ကို ခင်ဗျား ပစ်မလဲ???
.
အမိန့်ကိုပဲ နာခံမှာလား?
.
သီရိညွန့်
၂၀၂၁ ခုနှစ်၊ ဖေေါ်ဝါရီလ(၁၃)ရက်
Comments
Post a Comment