“ဆွေးနွေးလို့သာ ရခဲ့ရင် ဒီအခြေအနေထိ ရောက်လာခဲ့မယ် မဟုတ်ပါ”

“ဆွေးနွေးလို့သာ ရခဲ့ရင် ဒီအခြေအနေထိ ရောက်လာခဲ့မယ် မဟုတ်ပါ”


◾ကျွန်တော်က နိုင်ငံရေးသမား၊ နိုင်ငံရေးနယ်ပယ်ထဲကတော့ မဟုတ်ပေမဲ့ ဒီမိုကရေစီနိုင်ငံကို တည်ဆောက်ကြမယ် ဆိုတဲ့အခါမှာ အဲဒါနဲ့ ထိုက်တန်တဲ့ အလေ့အကျင့်တွေ မွေးမြူဖို့ လိုမယ်ဆိုပြီး တတ်နိုင်သမျှ ကြိုးစားခဲ့ပါတယ်။ မတူကွဲပြားတာကို လက်ခံတယ်။ တွေ့ဆုံဆွေးနွေးတာ၊ စေ့စပ်ညှိနှိုင်းတာတွေကို သဘောကျတယ်။ အစိမ်း၊ အနီ၊ အဝါ၊ အပြာ ဘာမှ မခွဲခြားဘူး။ သူယုံကြည်တာ သူထောက်ခံ။ NLD ကိုလည်း အလျဉ်းသင့်တဲ့အခါ ဝေဖန်ခဲ့သလို၊ နောက်ဆုံး၊ စစ်ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ ပါတီကိုတောင် ပြည်ခိုင်ဖြိုးလို့ပဲ ခေါ်တယ်။ ကြံ့ဖွံ့လို့ တစ်ခါမှ မသုံးနှုန်းခဲ့ဖူးပါဘူး။
ဒါတွေ ပြောနေရတာက ကျွန်တော်ဟာ အမြစ်ဖြတ်၊ အပြုတ်တိုက်၊ အပြတ်ရှင်း၊ ဒီလိုအစွန်းရောက် စိတ်ဓါတ်မျိုး မရှိဘူး ဆိုတာကို ပြောလိုရင်းပါ။
◾သို့သော် ကျွန်တော်တို့ အခု ကြုံနေရတဲ့ တော်လှန်ရေးကျ အဲ့လိုမဟုတ်ပါဘူး။ ပါတီတစ်ခုနဲ့ တစ်ခု အငြင်းပွားနေကြတဲ့ နိုင်ငံရေး ပြဿနာ မဟုတ်ဘူး။
တကယ်ဆို CDM ဆိုတာ အင်မတန် သက်ရောက်မှုကြီးတဲ့ Soft power လှုပ်ရှားမှုတစ်ခုပါ။ စဉ်းစားကြည့်လေ။ အစိုးရ လုပ်ချင်တယ်။ ဝန်ထမ်းတွေရော၊ ပြည်သူတွေကပါ လက်မခံဘူး။ တော်ရုံတန်ရုံ အရှက်ရှိတဲ့သူဆို အဲ့မှာတင် ရပ်သွားပြီ။ ဒါပေမဲ့ စစ်တပ်ဆိုတာ ဘယ်တော့မှ နောက်ဆုတ်ရိုးထုံးစံ မရှိဘူး ဆိုပြီး ရှေ့ဆက်တိုးတယ်။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို လက်နက်နဲ့ ဖြိုခွင်းတယ်။ သတ်ဖြတ်တယ်။ အဲ့လိုကနေ ဒီနေ့လို တစ်နိုင်ငံလုံး လက်နက်ကိုင် တော်လှန်ကြတဲ့ လမ်းကြောင်းပေါ်ကို ရောက်လာခဲ့တယ်။ ပြောရရင် မဖြစ်လို့ကို ရွေးခဲ့ရတဲ့ လမ်းပဲဆိုတာ သိစေချင်တယ်။
◾အခု စစ်ကောင်စီက ဘာစီစဉ်နေလဲဆိုတော့ ၂၀၂၃ မှာ ရွေးကောက်ပွဲ လုပ်မယ်။ လုပ်မဲ့ပုံစံက အရင်လို မဟုတ်ဘူး။ PR (Proportional Representative) လို့ ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုခွင့်ရတဲ့ စနစ်ကို သုံးမလို့ ပြောနေတယ်။
မသိသေးသူတွေ သိအောင် ပြောရရင် အရင်စနစ်က နိုင်တဲ့သူ အကုန်ယူတဲ့ စနစ်မျိုး။ ဥပမာ နေရာ ၁၀ ခုမှာ ပါတီ ၂ ခု ဝင်ပြိုင်ကြတယ်။ NLD က ၁၀ နေရာစလုံးမှာ မဲ ၆၀ % စီ ရတယ်။ ကြံ့ဖွံ့က ၄၀ % ရတယ် ဆိုပါတော့။ ဒါဆို NLD ကပဲ အမတ် ၁၀ နေရာစလုံးကို ကိုယ်စားပြုခွင့် ရမယ်။
အခု PR စနစ်ကျ အဲ့လိုမဟုတ်ဘူး။ မဲအားလုံးကို ထည့်သွင်းတွက်ချက်တယ်။ ၁၀ နေရာစလုံး ပေါင်းလိုက်တဲ့အခါ NLD က မဲအရေအတွက် ၆၀ % မို့လို့ ၆ နေရာ ရမယ်။ ကြံ့ဖွံ့က ၄ နေရာ ရသွားလိမ့်မယ်။ ဘယ်သူ့ရဲ့ မဲမှ အလဟဿ မဖြစ်တော့တဲ့သဘော။
ဒီစနစ်က မကောင်းတာတော့ မဟုတ်ဘူး။ သူ့နိုင်ငံ အခြေအနေပေါ် မူတည်ပြီး သုံးကြတယ်။ ကျွန်တော်တို့လို တိုင်းရင်းသား လူနည်းစုတွေ ရှိတဲ့နိုင်ငံဆိုလည်း ဒါက ထည့်စဉ်းစားသင့်တဲ့ စနစ်လို့ ဆိုကြတယ်။ ပါတီအသေးလေးတွေ၊ တိုင်းရင်းသား လူနည်းစုကို ကိုယ်စားပြုတဲ့ ပါတီတွေအတွက် နေရာ ပိုရလာနိုင်တယ်ပေါ့။
သို့သော် ပြဿနာက စစ်တပ်က ၂၅ % ဝင်ယူထားတဲ့ ကိစ္စပဲ။ အဲ့တော့ PR စနစ်ကိုသာ ကျင့်သုံးလိုက်ရင် ကြံ့ဖွံ့အပါအဝင် စစ်တပ်ဘက်ကို ယိမ်းတဲ့ ပါတီတွေက ၂၆ % လောက် ရရုံနဲ့ကို အစိုးရဖွဲ့လို့ ရသွားပြီ။ တစ်မြို့စီအလိုက်သာ နိုင်လောက်တဲ့ မဲအရေအတွက် မရရင် နေမယ်။ ကြံ့ဖွံ့ထောက်ခံတဲ့သူတွေဆိုတာလည်း ရှိတာပဲလေ။ အဲ့တော့ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က အာဏာရှင်နိုင်ငံဆိုပြီး ထားမှာ မဟုတ်ဘူး။ ဒီမိုကရေစီ အမည်ခံပြီး စစ်တပ်ကပဲ တစ်သက်လုံး ချုပ်ကိုင်သွားမဲ့ စနစ်မျိုးကို ဖန်တီးနေတာ။ ဒါကြောင့် မအလ တစ်ယောက်တည်း ရူးပြီး အာဏာထသိမ်းခဲ့တယ် မထင်နဲ့။ အားလုံးက အလိုတူ အလိုပါချည်းပဲ။
◾ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ၂ ခုမှာ NLD က သောင်ပြိုကမ်းပြို နိုင်ခဲ့တယ်ဆိုတာ လူတွေကလည်း ဒါကို သိတယ်လေ။ နောက်ဆုံး ၂၀၂၀ ရွေးကောက်ပွဲမှာဆို ပြည်သူတွေရဲ့ ဆန္ဒက ပိုသိသာတယ်။ NLD ကို သဘောမကျတာတွေ ရှိရင်တောင် မဲမပေးဘဲ နေရင်တော့ ကြံ့ဖွံ့က အသာရသွားလိမ့်မယ်ဆိုပြီး မဲသွားပေးခဲ့ကြတဲ့သူတွေ တစ်ပုံကြီး။
ဘေးထွက်ဆိုးကျိုးအနေနဲ့ ပါတီအသေးလေးတွေကတော့ မြေစာပင် ဖြစ်သွားတာပေါ့။ ဒါကြောင့် အခု စစ်တပ်နဲ့ သွားဆွေးနွေးနေတဲ့ ပါတီတွေ ကြည့်ကြည့်။ အများစုက အသေးလေးတွေချည်းပဲ။ PR စနစ်နဲ့မှ ခုံရမှာကိုး။ အဲ့တော့ တိုင်းပြည်က စစ်တပ်အောက် ရောက်သွားလည်း ရတယ်။ ခုံရဖို့ အဓိကဆိုပြီးပဲ တွေးနေကြတယ် ထင်ပါတယ်။
အခုဆိုလည်း စစ်ကောင်စီဟာ NLD ကို အပြီးအပိုင် ဖယ်ရှားပစ်ဖို့ လုပ်နေတာ အသေအချာပဲ။ အဲ့တော့ သူတို့ရည်ရွယ်ချက်က NLD မပါတဲ့၊ သူတို့စိတ်တိုင်းကျ ခြယ်လှယ်လို့ ရတဲ့ ဒီမိုကရေစီအမည်ခံ နိုင်ငံတစ်ခုကို တည်ဆောက်သွားဖို့ပဲ ဖြစ်တယ်။ တွေးကြည့်ရင် အနာဂတ်ဟာ ဘယ်လောက် ရင်လေးစရာ ကောင်းသလဲ။
ခုနကလို တစ်ခုံရလည်း မနည်းဘူး ဆိုပြီး ရွေးကောက်ပွဲ ဝင်မလို့ လုပ်နေတဲ့ ပါတီတွေ၊ ပါတီခေါင်းဆောင်တွေကိုလည်း မေးကြည့်ချင်တာက အဲ့လိုအခြေအနေမျိုးကနေ တိုင်းပြည်အတွက် ဘာတွေ ကောင်းလာမယ်များ မျှော်လင့်ထားလို့လဲ။
◾ကဲ ထားပါဦး။ အဲ့လောက်ထိ သူတို့ မလုပ်တော့ဘူး။ ၂၀၂၀ က အခြေအနေကိုပဲ ပြန်သွားကြရအောင်၊ ပိုနေမြဲ ကျားနေမြဲပေါ့ ဆိုရင်ရော ကျွန်တော်တို့ လက်ခံမှာလား။ လက်ခံလို့ရော ဖြစ်မလား။
၂၀၀၈ ခြေဥဆိုရင် မကောင်းဘူး ဆိုပြီး သိထားကြတယ်။ ဘာမကောင်းတာလဲဆိုတော့ လက်နက်ကိုင်တပ်၊ လုံခြုံရေးတပ် မှန်သမျှဟာ အရပ်သားအစိုးရရဲ့ လက်အောက်မှာ ရှိမနေတာပဲ။ မင်းတို့က စစ်ရေးအမြင် ရှိလို့လား၊ စစ်တိုက်ဖူးလို့လား ပြောလိမ့်မယ်။ တစ်ကမ္ဘာလုံး လိုက်ကြည့်။ ကာကွယ်ရေး ဝန်ကြီးဌာနဟာ အရပ်သား အစိုးရရဲ့ လက်အောက်မှာပဲ အလုပ်လုပ်နေကြတာပဲ။ သူတို့သာ အာဏာကို ဆက်ကိုင်ထားချင်လို့ အကြောင်းပြနေတာ။
အဲ့တော့ အာဏာသိမ်းချင်တယ်ဆို ထမင်းစား ရေသောက်လောက်ကို လွယ်လွယ်လုပ်လို့ ရတယ်။ ဒေါ်အောင်ဆန်းစုကြည်လောက် လူထုထောက်ခံမှု ရတဲ့ ခေါင်းဆောင် မြန်မာပြည်မှာ ရှိဦးမလား။ ချစ်ခြင်း မုန်းခြင်း ခဏဖယ်ထား။ အချက်အလက်ကို ပြောတာ။ အဲ့လို လူတစ်ယောက်ကိုတောင် ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဖမ်းသွားမှတော့ နောက်လည်း အဲ့လိုလုပ်ဦးမှာပဲ။ အခုတော့ အာဏာပြန်ပေးလိုက်မယ်။ နောက် ၃ လလောက် နေတော့ သိမ်းချင်လာပြန်ပြီဆို သိမ်းဦးမှာပဲ။ အဲ့ကျလည်း ခံရဦးမှာပဲ။
ဒါကြောင့် တွေ့ဆုံဆွေးနွေးပြီး ၂၀၂၀ က အခြေအနေကို ပြန်သွားကြမယ် လုပ်လို့ မရဘူး။ တကယ့်ကို မြေလှန်ပြီး ပြောင်းလဲမှကို ဖြစ်မှာ။ ဒါ နိုင်ငံရေးအပိုင်း။ ပညာရေးဘက်ကို ကြည့်ရအောင်။
◾ပြီးခဲ့တဲ့ ၁၀ နှစ်မှာ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကြတယ်။ ဘာတွေ လုပ်လဲဆိုတော့ စာသင်နှစ် အတိုးအလျှော့လုပ်တယ်၊ သင်ရိုးညွှန်းတမ်းထဲက စာတချို့ ပြင်တယ်။ ဆိုလိုတာက အပေါ်ယံပဲ။ NUG က ပညာရေး ဒုဝန်ကြီး ဆရာမဂျာထွယ်ပန် ပြောဖူးတယ်။ “စစ်မှန်တဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု မရှိဘဲ မဖြစ်နိုင်ဘူး” တဲ့။ သိပ်မှန်တဲ့ စကား။ ၂၀၀၈ ခြေဥအောက်မှာ တိုင်းရင်းသား အားလုံးအတွက် ရည်ရွယ်တဲ့ ဖက်ဒရယ်ပညာရေးစနစ်ကို ဘယ်လိုတည်ဆောက်မလဲ။ ဖြစ်မှ မဖြစ်နိုင်တာ။
ကျန်းမာရေးဘက် ကြည့်ဦးမလား။ ဘတ်ဂျက်တွေ တိုးရလာတာတော့ မှန်တယ်။ ဒါပေမဲ့ ကာကွယ်ရေးနဲ့ ယှဉ်ရင် နှမ်းစေ့လောက်ပဲ။ ဘာလို့ ကာကွယ်ရေးကို စွတ်ပေးနေတာလဲ။ ပြည်ပကျူးကျော်ရန် ကာကွယ်နေရလို့လားဆိုတော့ မဟုတ်ဘူး။ အောက်ခြေစစ်သားတွေ ကောင်းကောင်းနေ ကောင်းကောင်းစားရအောင်လို့လား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ အဓိကက စစ်ဗိုလ်ချုပ်တွေ အိတ်ထဲ ထည့်ဖို့ပဲ။
◾ပြောရရင် ၂၀၀၈ ခြေဥနဲ့ စစ်တပ်က မြန်မာပြည်အတွက် Bottle neck လို ဖြစ်နေတာ။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ အခွင့်အလမ်း၊ အလားအလာ မှန်သမျှက သူတို့ကြောင့် အကုန်တစ်ဆို့နေရတယ်။ အဲဒါသာ ပြေလည်သွားကြည့်။ နိုင်ငံက ဆယ်စုနှစ် ၁ စုလောက်အတွင်းမှာကို သိသိသာသာ တိုးတက်လာနိုင်တယ်။
ဒါကြောင့် ဒီတော်လှန်ရေးရဲ့ ပန်းတိုင်ဟာ ဘာလဲဆိုရင် ဒီ Bottle neck တွေကို ဖြေရှင်းဖို့ပဲ။
၂၀၀၈ ခြေဥကို ဖျက်သိမ်းပြီး ဖက်ဒရယ် ကတိကဝတ်တွေ ပါတဲ့ အခြေခံဥပဒေအသစ် ပေါ်လာရမယ်။ အဲဒီထဲမှာ လက်နက်ကိုင်တပ်၊ လုံခြုံရေးတပ် မှန်သမျှဟာ အရပ်သားအစိုးရရဲ့ လက်အောက်မှာပဲ ရှိရမယ်။ အရိုးရှင်းဆုံး ပြောရရင် စစ်တပ်ဟာ စစ်တပ်အလုပ်ပဲ လုပ်ရမယ်။
အဲ့လို စစ်မှန်တဲ့ အပြောင်းအလဲမျိုး ဖြစ်လာမှ -
၁။ လက်ရှိမှာ ပြည်သူကို အနိုင်ကျင့် အကြမ်းဖက်နေတဲ့၊ လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်နေတဲ့ ရာထူးအဆင့် အသီးသီးက စစ်သားတွေကို အပြစ်ပေး အရေးယူနိုင်မယ်။
၂။ ခုလို အာဏာသိမ်းမှုမျိုး နောက်ဘယ်တော့မှ ထပ်မဖြစ်တော့ဘူး။
၃။ စစ်တပ်ဟာ စစ်တပ်အလုပ် လုပ်လာပြီး အောက်ခြေစစ်သားတွေရဲ့ ဘဝလည်း ပိုတိုးတက်လာမယ်။
၄။ ပြည်သူကို ရန်သူလို ရှုမြင်နေတဲ့ အတွေးအခေါ်တွေကအစ ပြောင်းသွားမယ်။ ရှိနေတဲ့သူတွေကတော့ ပြောင်းမှာ မဟုတ်ဘူး။ အသစ်ပေါ်လာမဲ့ ဖက်ဒရယ် တပ်မတော်က အဲ့လိုစိတ်ဓါတ်တွေနဲ့ ဖြစ်သွားမယ် ပြောတာ။
၅။ စစ်ဗိုလ်ချုပ်တွေနဲ့ ခရိုနီတွေရဲ့ အိတ်ကပ်ထဲ စီးဝင်သွားမဲ့ ငွေတွေဟာ ပြည်သူတွေအတွက် ဖြစ်လာမယ်။
၆။ ဖက်ဒရယ် ပညာရေး၊ ဖက်ဒရယ် ကျန်းမာရေးစနစ်တွေ ပေါ်လာမယ်။ တခြားအကျိုးကျေးဇူးတွေလည်း အများကြီး ရှိလိမ့်ဦးမယ်။
◾ကျွန်တော်တို့ ပြည်သူတွေဟာ ဒီတော်လှန်ရေးရဲ့ ပန်းတိုင်ကို အဲ့လို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်ထားဖို့ လိုပါတယ်။ ဒါမှသာ စိတ်ဓါတ်မကျဘဲ လုပ်စရာရှိတာတွေ တစိုက်မတ်မတ် လုပ်နိုင်မှာပါ။
ဆွေးနွေးညှိနှိုင်းတယ် ဆိုတာ လုပ်ရမှာပါပဲ။ သို့သော် တော်လှန်ရေး အဖွဲ့အစည်းတွေ ကြားထဲ ညှိနှိုင်းမယ်။ ဖက်ဒရယ်အတွက် ညှိနှိုင်းမယ်။ စစ်ကောင်စီနဲ့တော့ ညှိနှိုင်းစရာ မရှိသလို၊ အဲဒါကလည်း အစွန်းရောက်ပြီး အပြတ်ရှင်း အပြုတ်တိုက်လမ်းကို ရွေးနေတာ မဟုတ်ဘူးဆိုတာ သိထားဖို့ လိုတယ်။ အာဆီယံမကလို့ ဘယ်သူကပဲ ဆွေးနွေးအဖြေရှာဖို့ ပြောလာပြောလာ၊ NUG ရဲ့ ဦးဆောင်မှုနဲ့အတူ ဒီပန်းတိုင်ကို မရောက်ရောက်အောင် ချီတက်ကြဖို့ လိုပါတယ်။
◾ဆေးကုတာနဲ့ ဥပမာပေးရရင် အရင် ၁၀ နှစ်က ပျောက်မလားဆိုပြီး ဆေးမြီတိုလေးနဲ့ ကုခဲ့ကြတယ်။ မပျောက်တဲ့အပြင် ပိုဆိုးလာတယ်။ ခုတော့ ခွဲစိတ်ဖို့ လမ်းကို ရွေးခဲ့ကြပြီ။ ခွဲစိတ်တယ်ဆိုတော့ ကိုယ်လည်း ခံရတယ်။ ဘေးထွက်ဆိုးကျိုးလည်း များတယ်။ သို့သော် မတတ်နိုင်ဘူး။ ဒီတစ်ကြိမ် ခွဲရမှာစိုးပြီး မှိန်းနေလိုက်ရင် ရောဂါက ပိုအမြစ်တွယ်လာမယ်။ နောက်ဆုံး ကုမရတော့တဲ့ အဆင့်ထိကို ရောက်သွားလိမ့်မယ်။
ဒါကြောင့် ကျွန်တော်တို့ ၂၀၂၁ မျိုးဆက်ဟာ ကိုယ့်တာဝန် ကိုယ်ကျေဖို့ လိုပါလိမ့်မယ်။ ဒီအတွက် Click လုပ်ပါ။ ဘွန်းဝယ်ပါ။ PRF မှာ ထောက်ပို့တပ်သားအဖြစ် မန်ဘာ ဝင်ပါ။ လုပ်သင့်တာ၊ လုပ်နိုင်တာ မှန်သမျှ အင်တိုက်အားတိုက် လုပ်ရင်း မြေလှန်ပြောင်းလဲမှုမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်ပေးပါ။
ပန်းတိုင်ကို သိပြီ၊ လမ်းကြောင်းတွေကိုလည်း သိပြီဆို မရောက်စရာ ဘာအကြောင်း ရှိမလဲ။ နေ့စဉ်မှန်မှန် ချီတက်နေဖို့သာ လိုတော့တာပါ။
ဒေါက်တာ ဖြိုးသီဟ
၃၁.၃.၂၀၂၂
Photo credit

Comments

Popular posts from this blog

ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်နယ် ဖွဲ့ဖို့ လမ်းညွန်ခဲ့တဲ့လို့ ပြောဆို ရေးသားတဲ့ လူတိုင်းဟာ လိမ်လည်မှုကို ကျူးလွန်နေတာ ဖြစ်တယ်

မြန်မာတွေက မြန်မာ ( ဗမာ ) ပြည်နယ် မဖွဲ့ပဲ တိုင်းဒေသကြီးတွေ ဖန်တီးထားသလား

ဗမာလူမျိုးကြီးဝါဒ (သို့မဟုတ်) စစ်တပ်မနိုင် ဗမာမဲ (part 1)