ဧရာလွင်ရဲ့ ကံကြမ္မာ

ဧရာလွင်ရဲ့ ကံကြမ္မာ

၁၉၆၈ ခုနှစ်မှာ မုံးကိုးဒေသကို သိမ်းပြီး ဗ.က.ပတွေ လွတ်မြောက်ဒေသထူထောင်လိုက်ပြီဆိုတာ ကြားရချိန်မှာ နိုင်ငံရေးပိုးထလာပြန်တဲ့ မင်းလတ်ရဲခေါင်ဟာ အခြေခံဒေသထဲသွားဖို့ ဇွတ်အတင်း တင်ပြတောင်းဆိုလာခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ ၁၉၇၀ ခုနှစ်ဝန်းကျင်မှာ မင်းလတ်ရဲခေါင်ဟာ မုံးကိုးအခြေခံဒေသထဲကို ရောက်ရှိသွားခဲ့ပါတယ်။ မြန်မာ့မြေပြန်ခြေချမိတဲ့အခါ ပညာရှင်ကြီးဟာ မျက်ရည်တသွင်သွင်နဲ့ မြေကြီးကို ကုန်းရုန်းနမ်းခဲ့တယ်လို့ ကြားမိပါသေးတယ်။

ပြီးခဲ့တဲ့ကာလတွေကနေ ခု ၂၀၂၀ရွေးကောက်ပွဲလွန်ကာလ အစိုးရသစ်ဆန်းစပြုလာတဲ့အထိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး ရေးကြပြောကြတာ၊ ဆွေးနွေးကြတာတွေ အတော်များပါတယ်။ ဒီလိုဆွေးနွေးပြောဆိုကြရာမှာ တိုင်းရင်းသားပါတီအတော်များများက မြန်မာပြည်နယ်တစ်ခုအဖြစ် ပါဝင်တဲ့ ရှစ်ပြည်ထောင်ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေးအကြောင်း အဆိုပြုကြတော့ ကွယ်လွန်သူ ဆရာ “မင်းလတ်ရဲခေါင်” ကို ပြန်လည်သတိရ လွမ်းတမိပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာ ရှစ်ပြည်ထောင်ဖက်ဒရယ်ပြည်ထောင်စုအကြောင်း အစောဆုံးနဲ့ စနစ်အကျဆုံး တင်ပြခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဆရာမင်းလတ်ရဲခေါင်လည်း ရှေ့တန်းက ပါဝင်ခဲ့လို့ပါ။ ဆရာမင်းလတ်ရဲခေါင်ကိုတော့ လွတ်လပ်ရေးခေတ်နောက်ပိုင်းမှ လူဖြစ်လာကြသူတွေ သိပ်ပြီး သိဖူးကြားဖူးကြမယ် မထင်ပါဘူး။

မင်းလတ်ရဲခေါင်ဆိုတာကို လွတ်လပ်ရေးလှုပ်ရှားမှုကာလ ၁၉၄၇-၄၈ ခုနှစ်အတွင်း ရန်ကုန်ကျောင်းသားသမဂ္ဂအသိုင်းအဝိုင်းမှာတော့ အတော်ထင်ရှားလူသိများခဲ့ကြပါတယ်။ ဒါ့အပြင် သူဟာ စစ်ပြီးခေတ်ကာလအတွင်းက အတော်အောင်မြင်ခဲ့တဲ့ ရသဝတ္ထု စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ ကွယ်လွန်သူ စာရေးဆရာ နိုင်ဝင်းဆွေကလည်း မင်းလတ်ရဲခေါင်ရေးတဲ့ နဂဝံသစမ်းလေးနံဘေးမှာ ဆိုတဲ့ ဝတ္ထုလေးကို တသသစွဲလမ်းမိရတဲ့အကြောင်း တဖွဖွပြောခဲ့ဖူးပါတယ်။ တချို့ကတော့လည်း နန္ဒာပုလဲ ဝတ္ထုရှည်ကြီးကိုတောင် မင်းလတ်ရဲခေါင်ရေးခဲ့သယောင်၊ ပြောသံတွေ ကြားခဲ့ရပါသေးတယ်။ ဒါပေမဲ့ မင်းလတ်ရဲခေါင်ဟာ စာရေးဆရာသက်သက်တော့ မဟုတ်ပါဘူး။ စစ်ပြီးခေတ် ကျောင်းသားသမဂ္ဂလှုပ်ရှားမှုမှာ ထဲထဲဝင်ဝင် တက်ကြွစွာ လှုပ်ရှားခဲ့သူတစ်ဦးပါ။ သူ့ အခြားအမည်က ကိုစိမ်းမောင်ပါ။ အထူးသဖြင့် ကွယ်လွန်သူ ဗ၊ က၊ ပ၊ ဒုတိယဥက္ကဋ္ဌဟောင်း ရဲဘော်ခင်မောင်ကြီးနဲ့အတူ မြေအောက် (U.G) ကျောင်းသားကလာပ်စည်း အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆရာမင်းလတ်ရဲခေါင် ခေါ် ကိုစိမ်းမောင်ကို ကျောင်းသားနိုင်ငံရေးသမားတစ်ပိုင်း စာရေးဆရာတစ်ပိုင်းလို့ ပြောရမှာပါပဲ။

၁၉၄၇ ခုနှစ် ချက်ကိုစလိုဗက်နိုင်ငံ ပရာဟာမြို့တော်မှာ ကျင်းပမယ့် နိုင်ငံတကာကျောင်းသားသမဂ္ဂ (International Student Union-IUS) ညီလာခံကို မြန်မာနိုင်ငံက ကိုယ်စားလှယ်စေလွှတ်ပေးဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒီညီလာခံကို မြန်မာနိုင်ငံကျောင်းသားသမဂ္ဂကိုယ်စားလှယ်အဖြစ် တက်ရောက်ဖို့ ရဲဘော်ခင်မောင်ကြီးကို ဗ၊ က၊ ပ ယူဂျီကလာပ်စည်းက ညွှန်ကြားခဲ့တယ်။ ဒါပေမဲ့ နိုင်ငံတကာကျောင်းသားသမဂ္ဂများညီလာခံကို တက်ရောက်ချင်တဲ့ဆန္ဒ အလွန်ပြင်းပြနေတဲ့ ဆရာမင်းလတ်ရဲခေါင်က သူ့အစီအစဉ်နဲ့သူ၊ ပြည်ပကို ထွက်ခွာသွားခဲ့တယ်။ ဒီလိုနဲ့ပဲ ပရာဟာမြို့တော်မှာ ကျင်းပတဲ့ နိုင်ငံတကာကျောင်းသားသမဂ္ဂများညီလာခံကို မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ရခဲ့တယ်။ ဒါပေမဲ့ ညီလာခံပြီးချိန်က မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်စတင်ဖြစ်ပွားနေတော့ ကိုရဲခေါင် ပြန်လာခွင့် မရတော့ပါဘူး။ ဒီလိုနဲ့ နိုင်ငံတကာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှာ အလုပ်လုပ်ရင်း ပရာဟာတက္ကသိုလ်မှာ ဆက်ပြီး ကျောင်းတက်နေခဲ့ရတယ်။


ဆရာမင်းလတ်ရဲခေါင်ဟာ ပရာဟာတက္ကသိုလ်ကနေ ဘာသာဗေဒအထူးပြုနဲ့ ပါရဂူဘွဲ့ကို ရယူခဲ့ပါတယ်။ သူ့ရဲ့ဘာသာဗေဒဘွဲ့ယူကျမ်းအမည်က (ဗမာ့စာပေတိုးတက်ခေတ်မီရေး (Modernization of Burmese Litrature) ဖြစ်ပါတယ်။ ဒီကျမ်း မြန်မာပြည်ကို ရောက်ရှိလာချိန်မှာ မြန်မာစာပေလောကကို အကြီးအကျယ် ဂယက်ရိုက်ခတ်သွားပါတော့တယ်။ သူ့ကျမ်းပါအယူအဆဖြစ်တဲ့ မြန်မာစာကို စကားလိုရေးကြဖို့ တိုက်တွန်းချက်ကို အကြောင်းပြုပြီး အထက်မြန်မာနိုင်ငံက စာရေးဆရာတွေနဲ့ အောက်မြန်မာပြည်က စာရေးဆရာတွေ အပြင်းအထန် အငြင်းပွားခဲ့ကြရပါတယ်။ ဆရာရဲခေါင်ဟာ ပရာဟာတက္ကသိုလ်မှာ မြန်မာစာဌာနမှူးအဖြစ် ပါမောက္ခရာထူးလည်း ရယူဖူးခဲ့ပါသေးတယ်။ ဒါပေမဲ့ နိုင်ငံရေး ထက်သန်တဲ့ ရောဂါရှိသူ ဆရာရဲခေါင်အနေနဲ့ ပညာရှင်တစ်ယောက်အဖြစ် ပရာဟာမှာ ကြာကြာဆက်ပြီး မနေနိုင်ခဲ့ပါဘူး။


၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်တဲ့အခါ ဗ.က.ပ ကလည်း အရှေ့ဥရောပတစ်လွှားမှာ ရောက်ရှိနေတဲ့ သူတို့ရဲ့ ပါတီဝင်တွေအားလုံး ဘေကျင်းကို ခေါ်ပြီး ပြန်လည်စုစည်းခဲ့ပါတယ်။ ဒီအခါ သူ့ရဲ့ပရာဟာက ပါမောက္ခရာထူးကို စွန့်လွှတ်ပြီး ဆရာမင်းလတ်- ရဲခေါင်လည်း ပြန်လာခဲ့ပါတယ်။ ဆရာရဲခေါင်ကို ပညာရှင်တစ်ယောက်အနေနဲ့ ကွယ်လွန်သူဝန်ကြီးချုပ် ချူအင်လိုင်းကိုယ်တိုင် ဘေကျင်းလေဆိပ်ကို ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။ ဗိုလ်နေဝင်းဖန်တီးတဲ့ ၁၉၆၇ ခု တရုတ်ဗမာအရေးအခင်းအတွင်းမှာတော့ ဗမာချန်ကေရှိတ် အစိုးရပြုတ်ကျရမယ်ဆိုတဲ့ မင်းလတ်ရဲခေါင်ရဲ့ ကြုံးဝါးသံကို ဘေကျင်းရေဒီယိုကတစ်ဆင့် အဆက်မပြတ် ကြားခဲ့ရပါတယ်။ အဲဒီကတစ်ဆင့် ၁၉၆၈ ခုနှစ်မှာ မုံးကိုးဒေသကို သိမ်းပြီး ဗ.က.ပတွေ လွတ်မြောက်ဒေသထူထောင်လိုက်ပြီဆိုတာ ကြားရချိန်မှာ နိုင်ငံရေးပိုးထလာပြန်တဲ့ မင်းလတ်ရဲခေါင်ဟာ အခြေခံဒေသထဲ သွားဖို့ ဇွတ်အတင်း တင်ပြတောင်းဆိုလာခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ ၁၉၇၀ ခုနှစ်ဝန်းကျင်မှာ မင်းလတ်ရဲခေါင်ဟာ မုံးကိုးအခြေခံဒေသထဲကို ရောက်ရှိသွားခဲ့ပါတယ်။ မြန်မာ့မြေပြန်ခြေချမိတဲ့အခါ ပညာရှင်ကြီးဟာ မျက်ရည်တသွင်သွင်နဲ့ မြေကြီးကို ကုန်းရုန်းနမ်းခဲ့တယ်လို့ ကြားမိပါသေးတယ်။

မုံးကိုးဒေသဟာ ရှမ်းပြည်နယ်ထဲမှာ ရှိပေမယ့် ရှမ်းလူမျိုးတွေချည်းသက်သက် နေထိုင်တဲ့ ဒေသမဟုတ်ပါဘူး။ ရှမ်း၊ ဂျင်းဖော၊ အဇီ၊ တရုတ် စတဲ့ လူမျိုးပေါင်းစုံနေထိုင်တဲ့ နေရာဖြစ်ပါတယ်။ အဲဒီဒေသမှာ ဗ.က.ပ က အမျိုးသားရေးပေါ်လစီ ချမှတ်တော့ တရုတ်ပြည်ပုံစံအတိုင်း အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေးမူဝါဒ ချမှတ်ကျင့်သုံးခဲ့ပါတယ်။ ဒီမှာတင် အရှေ့ဥရောပက ချက်ကိုစလိုဗက်ကီးယားနိုင်ငံမှာ နေထိုင်ခဲ့တဲ့ ဆရာမင်းလတ်ရဲခေါင်နဲ့ ထိပ်တိုက်တွေ့တော့တာပါပဲ။ မင်းလတ်ရဲခေါင်က မြန်မာပြည်ရဲ့ အမျိုးသားရေးမူဝါဒဟာ တရုတ်ပြည်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးပုံစံ မဖြစ်သင့်ဘူး။ အရှေ့ ဥရောပမှာ ကျင့်သုံးတဲ့ ခွဲထွက်ခွင့်အပါအဝင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရမယ်။ ဒါတင်မက တန်းတူညီမျှရေးမူအရ ဗမာတွေလည်း တခြားတိုင်းရင်းသားများနည်းတူ ပြည်နယ်တစ်ခုအနေနှင့် ပါဝင်တဲ့ ဖက်ဒရယ် (၈)ပြည်ထောင်စုဖြစ်ရမယ်။ ဒါ့အပြင် ဗမာနိုင်ငံဆိုတာ တိုင်းရင်းသားလူမျိုးအားလုံးကို ကိုယ်စားပြုတဲ့ နာမည်မဟုတ်ဘူး။ တိုင်းပြည်ကို အဓိကကိုယ်စားပြုနိုင်တာဟာ ဧရာဝတီမြစ်နဲ့ သံလွင်မြစ်ဖြစ်လို့ ရှစ်ပြည်နယ်ဖက်ဒရယ်ပြည်ထောင်စုကြီးကို “ဧရာလွင်” တိုင်းပြည်လို့ ခေါ်တွင်စေရမယ်ဆိုပြီး အလွန်အကျွံဖြစ်စေတဲ့ အမျိုးသားရေးအမြင်တွေကို တင်ပြတောင်းဆိုခဲ့ပါတယ်။

တကယ်တော့ ခွဲထွက်ခွင့်အပါအဝင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်စနစ်ဆိုတာ လီနင်အကောင်အထည်မဖော်နိုင်ခဲ့တဲ့ စကားလုံးကို စတာလင်က လူကြားလို့ကောင်းအောင် ဆွဲသုံးခဲ့တာပါ။ လက်တွေ့မှာ စတာလင်အုပ်စိုးခဲ့တဲ့ ခေတ်တစ်လျှောက်လုံး ဘယ်ပြည်နယ်ကိုမှ ခွဲထွက်ခွင့်မပေးခဲ့ပါဘူး။ သူ့မွေးရာဇာတိဖြစ်တဲ့ ဂျော်ဂျီယာပြည်နယ်ရဲ့ ခွဲထွက်ရေးလှုပ်ရှားမှုကိုတောင် တပ်နီတော်အင်အားအလုံးအရင်း သုံးပြီး ရက်ရက်စက်စက် ချေမှုန်းပစ်ခဲ့သူပါ။ အာဏာရှင်စတာလင်လက်ထက်မှာ ခွဲထွက်ရေးဆိုတဲ့ စကားလုံးကို ဘယ်ပြည်နယ်မှ မသုံးစွဲရဲခဲ့ကြပါဘူး။ အလားတူ ဘော်ရှီဗစ်ပါတီရဲ့ တစ်ပါတီအာဏာရှင်စနစ်အောက်မှာ ဘယ်ပြည်နယ် ဘယ်လူမျိုးမှ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်မရခဲ့ကြပါဘူး။ ဒီမိုကရေစီမရှိရင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်မရှိသလို ဖက်ဒရယ်ဆိုတာလည်း ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတာမျိုးပဲ ဖြစ်နေမှာပါ။

ဆရာမင်းလတ်ရဲခေါင်က ချက်ကိုစလိုဗက်နိုင်ငံမှာ နေထိုင်ခဲ့ဖူးတော့ ချက်အမျိုးသားတွေနဲ့ ဆလိုဗက်အမျိုးသားတွေကို ပြည်နယ်ဖွဲ့ပြီး ပူးပေါင်းပေးလိုက်ရင် တန်းတူညီမျှတဲ့ ဖက်ဒရယ်နိုင်ငံဖြစ်သွားပြီလို့ ယူဆလိုက်ပုံပါပဲ။ တကယ်က လူမျိုးအလိုက် ပြည်နယ်ဖွဲ့ပြီး ပူးပေါင်းလိုက်လို့ တန်းတူသွားတာ မဟုတ်ဘူး။ လူမျိုးအလိုက် အနေအထားတန်းတူလို့ ပူးပေါင်းနိုင်တာပါ။ ချက်သမ္မတနိုင်ငံမှာ ချက်လူမျိုး (၉၀%) ရှိပြီး ဆလိုဗက်သမ္မတနိုင်ငံမှာ ဆလိုဗက်လူမျိုးက (၆၈%) ရှိနေတော့ တန်းတူနီးပါးအနေအထားပါ။ လူမျိုးစုဆိုတာကလည်း ရာနှုန်းအနည်းအပါးပဲရှိပါတယ်။ ချက်က စက်မှုဖွံ့ဖြိုးပြီး ဆလိုဗက်က စိုက်ပျိုးရေးဖွံ့ဖြိုးပါတယ်။ ဒါကြောင့် ဟစ်တလာရော၊ စတာလင်ကပါ အာဏာနဲ့ချုပ်ကိုင်ပေါင်းစည်းပေးပြီး ပြည်တည်ထားတာပါ။ တကယ်က ချက်ကိုဆလိုဗက်ကီးယားဟာ ဖက်ဒရယ်ပြည်ထောင်စုမဟုတ်ပါဘူး။ လူမျိုးရေးတန်းတူမှုရှိတဲ့ တိုင်းပြည်တွေကို အာဏာနဲ့ စုစည်းပေးထားတဲ့ ကွန်ဖက်ဒရေးရှင်း (Confeda-nation) ဖွဲ့စည်းပုံပါ။ ဒါကြောင့်လည်း ၁၉၉၃ ခုနှစ်မှာ ဆိုဗီယက်ချုပ်ကိုင်မှုအောက်က လွတ်မြောက်ပြီး ဒီမိုကရေစီရတာနဲ့ တစ်ပြိုင်နက် ချက်သမ္မတနိုင်ငံနဲ့ စလိုဗက်သမ္မတနိုင်ငံဆိုပြီး တိုင်းပြည်ခွဲထူထောင်လိုက်ကြတာပါပဲ။ 

တကယ်လို့ မြန်မာပြည်မှာ လူမျိုးအလိုက်သာ တန်းတူမှုအတွက် ပြည်နယ်တွေဖွဲ့ပေးရမယ်ဆိုရင်တော့ လူမျိုးပေါင်း (၁၃၀) ကျော်ရှိနေလို့ (၁၀၁) ပါးသော ထီးဆောင်းမင်းတွေထက်တောင် များသွားပါလိမ့်မယ်။ ဒါကြောင့်လည်း ၁၉၆၂ ခုနှစ်ကတည်းက (ရှမ်းမူ) မှာပါတဲ့ ဖက်ဒရယ် (၈) ပြည်ထောင်စုစနစ်ကို ပြည်မက နိုင်ငံရေးသမားအားလုံးလိုလို ကန့်ကွက်ခဲ့ကြတာပါ။ ပြည်လမ်းအသံလွှင့်ရုံမှာ ကျင်းပတဲ့ မတ်လ (၁) ရက်နေ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအစည်းအဝေးမှာ ဝိဓူရသခင်ချစ်မောင်က (၁၉၄၇) ခုနှစ်အခြေခံဥပဒေမှာ ပြည်မကို အခြေခံပြီး ပြည်နယ်များကို စုစည်းထားတဲ့ ဖက်ဒရယ်ပုံစံဖြစ်လို့ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၏ ပကတိလက်တွေ့နဲ့ အကိုက်ညီဆုံးဖြစ်တယ်။ ရှမ်းမူအဖြစ်တင်သွားတဲ့ (၈)ပြည်နယ် ဖက်ဒရယ်မူဆိုတာက ဖက်ဒရယ်ဘောင်ထက်ကျော်ပြီး ကွန်ဖက်ဒရေးရှင်းဖြစ်သွားနိုင်စရာရှိတယ်ဆိုပြီး ကန့်ကွက်ခဲ့ပါတယ်။ ဒါကြောင့် (၈)ပြည်နယ်ဖက်ဒရယ်စနစ်ဆိုတာကို ဗမာလူမျိုးက (၆၀%) နီးပါးမျှရှိပြီး၊ တိုင်းရင်းသားလူမျိုးစု (၁၃၀) ကျော်ပေါင်းမှ လူဦးရေရဲ့ (၄၀%) ကျော်ရုံရှိတဲ့ မြန်မာနိုင်ငံမှာ ဘယ်လိုမှ ကျင့်သုံးအကောင်အထည်ဖော်လို့ ရနိုင်စရာမရှိပါဘူး။ မြန်မာအစိုးရအဆက်ဆက်က တိုင်းရင်းသားလူမျိုးစုတွေကို ဖက်ဒရယ် အခွင့်အရေးမပေးခဲ့ဘဲ လူမျိုးကြီးဝါဒကျင့်သုံးခဲ့လို့ ဝိုင်းဝန်းဆန့်ကျင်ဖို့ စည်းလုံးကြမယ်ဆိုရုံနဲ့တော့ ပြဿနာဖြေရှင်းနိုင်ပါဘူး။ သမိုင်းအရ လက်တွေ့ဘဝအရ လူမျိုးရေးပြဿနာဆိုတာ ဗမာလူမျိုးကြီးနဲ့တင် ရှိခဲ့ကြတာမဟုတ်ဘဲ လူမျိုးစုအချင်းချင်းကြားမှာလည်း ရှိခဲ့ကြတာပါပဲ။ အရေးကြီးတာက မြန်မာပြည်လို လူမျိုးစုံနေထိုင်တဲ့ နိုင်ငံမျိုးမှာ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွင်းမှာ ငြိမ်းချမ်းစွာ အတူပူးပေါင်းနေထိုင်ရေးသဘောထား အားလုံးမှာ ရှိထားကြဖို့ပါပဲ။

ဒီလိုအနေအထားတွေအောက်မှာ တရုတ်ပြည်ရဲ့ ကွန်မြူနစ်ပါတီခေါင်းဆောင်တဲ့ အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေးမူဝါဒကို လက်ခံကျင့်သုံးနေတဲ့ အရှေ့မြောက် ဗ.က.ပ ခေါင်းဆောင်တွေအနေနှင့် ဆရာမင်းလတ်ရဲခေါင်ရဲ့ “ဧရာလွင်” ဖက်ဒရယ်ပြည်ထောင်စုကို လက်မခံနိုင်ခဲ့ကြပါဘူး။ အဲဒီအချိန်က တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးကလည်း အရှိန်အဟုန်ကောင်းနေချိန်ဖြစ်တော့ ဆရာမင်းလတ်ရဲခေါင်ကလည်း အခြေခံဒေသထဲက မုန်ဂူကွင်းမှာ ဗ.က.ပ ခေါင်းဆောင်တွေကို စာလုံးကြီးပိုစတာတိုက်ပွဲ ဆင်ပါတော့တယ်။ က(ကောက်စကီ)၊ ခ(ခရူးရှက်)၊ လ(လျူရှောက်ချီ) ဂိုဏ်းသား လူမျိုးကြီးရှော်ဗင်ဝါဒီ သခင်ဘသိန်းတင် ကျဆုံးပါစေဆိုတဲ့ ပိုစတာကြီးတွေ တစ်မြို့လုံးအနှံ့ လိုက်ကပ်ခဲ့ပါတယ်။ ဒါကြောင့် ဗ.က.ပ ခေါင်းဆောင်တွေက မင်းလတ်ရဲခေါင်ကို မုံးကိုးနောက်ကျောဘက်က မန်ကန်းခေါ်တဲ့ ကချင်ရွာလေးနားမှာ အကျယ်ချုပ်ချထားခဲ့ကြတယ်။ မန်ကန်းရွာရောက်တော့လည်း သူ့ရဲ့ ဧရာလွင်တိုင်းပြည် အယူအဆစာတမ်းတွေကို ကချင်ရွာသားတွေကတစ်ဆင့် K.I.A အဖွဲ့အစည်းထံ ပေးပို့ဖြန့်ဝေခဲ့ပြန်ပါတယ်။ ဒါနဲ့ ဒီဒေသမှာထားလို့ မဖြစ်တော့ဘူးလို့ ဆုံးဖြတ်ပြီး ဝနယ်ပို့ဖို့ စီစဉ်ကြရပြန်ပါတယ်။ ဒီတော့လည်း ဝနယ်ကို မလိုက်နိုင်ဘူးလို့ ငြင်းဆန်ပြီး အစာငတ်ခံဆန္ဒပြနေပြန်ပါတယ်။ ဒါနဲ့ လဝက်လောက်ရှည်ကြာတဲ့ ဝနယ်ခရီးကို တောအထပ်ထပ် တောင်အသွယ်သွယ်ဖြတ်ပြီး ထမ်းစင်နဲ့ ပို့ပေးခဲ့ကြရပါတယ်။

ဆရာမင်းလတ်ရဲခေါင်ကို ဝနယ် မြောက်ပိုင်းခရိုင်ထဲက တရုတ်နယ်စပ်နဲ့ ကပ်နေတဲ့ ခွင်းမာမြို့နယ်ထဲမှာ အကျယ်ချုပ်ချထားခဲ့တယ်။ အကျယ်ချုပ်စခန်းမှာ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ မိုင်ယန်းတိုက်ပွဲက သုံ့ပန်းအဖြစ် ဖမ်းမိထားတဲ့ တပ်မတော်အရာရှိ (၆) ဦးခန့်လည်း ရှိနေပါတယ်။ ဒီအရာရှိတွေက အခွင့်သာတဲ့တစ်နေ့မှာ ဖျားနာနေတဲ့ ဝရဲဘော်နှစ်ယောက်ရဲ့ လက်နက်တွေကို လုယူပြီး ဒီဝရဲဘော်နှစ်ယောက်နဲ့ မြို့နယ်မှူး ရဲကလေးနှစ်ယောက်ကို သတ်ပစ်လိုက်ကြပါတယ်။ အရာရှိသုံ့ပန်းတွေက သူတို့ ထွက်ပြေးချိန်မှာ မင်းလတ်ရဲခေါင်ကိုပါ ခေါ်တော့ သူလည်း အတူလိုက်ပါသွားခဲ့ပါတယ်။ ဒါပေမဲ့ သံလွင်မြစ်ဆီသွားရမယ့် (၄) ရက်လောက်သွားရမယ့် ခရီးကို မင်းလတ်ရဲခေါင်မလိုက်နိုင်ပါဘူး။ ဝစကားလည်းမပေါက်တော့ အခက်တွေ့နေပြီး၊ မြို့နယ်ရုံးနဲ့ မဝေးလှတဲ့ လျှိုကြီးတစ်ခုအတွင်းမှာပဲ သူ့ကို ပြန်ဖမ်းမိလာခဲ့ပါတယ်။ အပြင်းအထန်ဒေါသထွက်နေတဲ့ ဝရဲဘော်တွေက ဆရာမင်းလတ်ရဲခေါင်ကို သစ်ပင်မှာ ကပ်ချည်ပြီး လှံစွပ်နဲ့ ထိုးသတ်ကာ ချောက်ထဲ ပစ်ချလိုက်ပါတော့တယ်။ ဆရာမင်းလတ်ရဲခေါင် အသတ်ခံရတဲ့သတင်းကို ဌာနချုပ်က စုံစမ်းတော့ မင်းလတ်ရဲခေါင်ကို သတ်ခါနီးမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံပို့ပေးလိုက်ပါတယ်။ ဒီဓာတ်ပုံမှာတော့ ပခုံးပေါ်အထိ ဆံပင်ဖားလျားမှာ ကွန်မန်ဒိုခေါင်းစည်းအနီစ၊ လှည်းဘီးမျက်မှန်ကြီးတပ်ထားတဲ့ ပိန်ပိန်ပါးပါး၊ အရပ်ခပ်ပြတ်ပြတ်၊ အသားနီစပ်စပ်နဲ့ ခါးထောက်ရပ်နေတဲ့ ဆရာမင်းလတ်ရဲခေါင်ကို နောက်ဆုံးမြင်တွေ့ခွင့်ရလိုက်ကြပါတယ်။ ဒီလိုနဲ့ ကမ္ဘာသိ၊ မြန်မာသိ ပညာရှင်တစ်ယောက်တော့ ရှစ်ပြည်ထောင်ပါဝင်တဲ့ ဧရာလွင်ဖက်ဒရယ်ပြည်ထောင်စုကြီးအတွက် အသက်သွေး စတေးခံခဲ့ရဖူးပါတယ်။

                                                                                  ***

သန်းစိုးနိုင်

Comments

Popular posts from this blog

မြန်မာတွေက မြန်မာ ( ဗမာ ) ပြည်နယ် မဖွဲ့ပဲ တိုင်းဒေသကြီးတွေ ဖန်တီးထားသလား

ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်နယ် ဖွဲ့ဖို့ လမ်းညွန်ခဲ့တဲ့လို့ ပြောဆို ရေးသားတဲ့ လူတိုင်းဟာ လိမ်လည်မှုကို ကျူးလွန်နေတာ ဖြစ်တယ်

ဗမာလူမျိုးကြီးဝါဒ (သို့မဟုတ်) စစ်တပ်မနိုင် ဗမာမဲ (part 1)