NUCC ထဲမှာ ဒေဝဒတ်တွေ ရောက်နေသလား

NUCC ထဲမှာ ဒေဝဒတ်တွေ ရောက်နေသလား

▪️ဒေဝတ်က သံဃာသင်းခွဲတော့ လုပ်တဲ့ နည်းက အဆင့်မြင့်တယ်။

ဗုဒ္ဓဟောကြားတဲ့ တရားတော်တွေကို "ဖီလာဆန့်ကျင်" မလုပ်ဘူး

သာမန်လူသား သာမန်အခြေအနေမှာ ကျင့်သုံးလို့ မရတဲ့ " ပိုပြင်းထန်" တဲ့ ကျင့်စဉ်တွေကို ချပြ တယ်။


(၁) ဗုဒ္ဓက ခွင့်ပြုရင် - မကျင့်နိုင်သူနဲ့ ကျင့်နိုင်သူ သံဃာ ၂ ခြမ်းကွဲမယ်

(၂) ဗုဒ္ဓက ခွင့်မပြုရင် - ဗုဒ္ဓတရားတော်တွေ ထက် သာလွန်ကြောင်း ပြောပြီး သံဃာ ၂ ခြမ်းကွဲမယ် 


ဒေဝဒတ်တောင်းဆိုတဲ့ ကျင့်စဉ်တွေကို ကြည့်ရင် "ဓူတင်" ဆောင် ရဟန်းတွေရဲ့ ကျင့်စဉ် ဖြစ်တယ်။ သာမန်ထက် သာလွန်တဲ့ မဟာပုရိသ တွေသာ ကျင့်နိုင်တယ်။

ဓူတင်ဆောင် ရဟန်းတွေဟာ မဂ်ဖိုလ်ရရန် ပြင်းထန်တဲ့ အကျင့်ဖြစ်တယ်


သီအိုရီအရ မှားသလား ဆိုတော့ မမှားဘူး ပိုတောင် မြင့်မြတ်ပါသေးတယ်။ ဒါပေမယ့် လက်တွေ့မှာ သာမန် ပုထုစဉ် သံဃာတွေလည်း ပါဝင်နေတဲ့ အဖွဲ့အစည်းမှာ အတင်းအကြပ် ကျင့်ခိုင်းလို့ မရဘူး။ 


မြတ်စွာဘုရားရှင် ခွင့်ပြုတော် မမူသော  ဒေဝဒတ် တောင်းဆိုသော အချက် (၅) ချက်

၁ ။ သံဃာတော်များ ကပ်လှူဆွမ်းအစား ခံဆွမ်းသာစားရန်။

၂ ။ လှူသင်္ကန်းအစား ပံ့သကူသာဝတ်ရန်။

၃ ။ ကျောင်းတိုက်အစား သစ်ဝါးရိပ်တွင်သာ သီတင်းသုံးရန်။

၄ ။ သင်္ကန်းသုံးထည်ထက်ပို မထားရန်။

၅ ။ သက်သတ်လွတ် ဆွမ်းဟင်းများသာ စားရန်။



▪️  ဒီလိုပဲ ငြိမ်းငြိမ်းပြည့်စတဲ့ တပိုင်းကြောင် သီအိုရီသမားတွေဟာ တရသတွေကို လက်တွေ့ကျင့်မရတဲ့သီအိုရီတွေ၊ လူလွန်မသားတွေသာ လုပ်နိုင်မယ့် လမ်းစဉ်တွေ ချပြီပြီး "ဖက်ဒရယ် သင်းခွဲ"နေတာဖြစ်တယ်။


လက်တွေ့ မြေပြင်အခြေအနေ၊ သမိုင်းကြောင်း အငြင်းပွါးမှု၊ အာဏာရှင် တပိုင်း ဖြစ်နေတဲ့ EAO တွေရဲ့ အဆင့်သင့် မဖြစ်သေးမှု တွေကို ထည့်သွင်း မပြောဆိုပဲ... သီအိုရီ တပိုင်းကြောင် နဲ့ ..  (လေးထောင့်ကို အဝိုင်းထဲ.. အတင်းရိုက်သွင်း) ခိုင်းနေတယ်။     မြှောက်ပေးမယ်၊ မလုပ်ရင် ဖောင်းထုမယ်၊ ဂိုဏ်းဂဏဖွဲ့မယ်၊ CRPH အနေနဲ့  နောက်ဆက်တွဲ ပြဿနာ ကို ဖြေရှင်းဖို့ ပိုမိုခက်ခဲသွားရင် နစ်မွန်းသွားရင်  ,

  တပိုင်းကြောင်တွေက ရူးချင်ယောင်ဆောင်  ကိုယ်လွတ်ရုန်းမယ့် သူတွေချည်းပဲ။ 


တကယ့် မြေပြင်က de facto stakeholder တွေ ဖြစ်တဲ့ EAO တွေရဲ့ အာဏာရှင် တပိုင်း၊မအလဘောမ၊ ကိုယ်ကျိုးရှာ ၊ အမျိုးသားရေး အစွန်းရောက်နေတဲ့ မိစ္ဆာစရိယ တွေကို ချေချွတ်ဖို့ .. ငြိမ်းငြိမ်းပြည့် အပါအဝင် ဘယ်ဖက်ဒရယ်ဆြာကြီးတွေမှ .. လေသံ ဟဟ မဝေဖန်ရဲဘူး။


ဖက်ဒရယ် ဒဿနတွေကို အာဘောင် အာရင်းသန်သန်ပြော ရင်း အဂတိ တရားကြောင့် အောင်မြင်စရာမရှိဘူး။ မအောင်မြင်တာ သူတို့ရဲ့ ပဓာန ရည်ရွယ်ချက် မဟုတ်။  " CRPH  ပြည်သူ့ကိုယ်စားပြုလို့ မမြင်၊ NLD လို့ အစွဲအမှတ်နဲ့ ဖောင်းထုဖို့က"  မူလ ပဓာန ဖြစ်နေတာပါ။တရသတွေဆီက လက်ခုပ်သံချူပြီး  ဒေဝဒတ် လုပ်ချင်ကြတာပါ။ 


▪️ လူ့သဘာဝ လူတိုင်းမှာ လူရာဝင်ချင်တဲ့ စိတ်ရှိတယ်။ စာတွေ ဖတ်ပြီး သိလာ တတ်ရလာရင် အစွမ်းပြချင်တယ်။  သိပ္ပံသမားက စမ်းသပ်ခန်း တခု ရှိရင် ရပေမယ့် နိုင်ငံရေး သီအိုရီသမားက  နိုင်ငံကို တည်ပြီး စမ်းသပ်ရတယ်။   စစ်ကျွန်ဘဝ မှာလည်း လူရာမဝင်၊ NLD အစိုးရမှာလည်း မထင်ပေါ် ၊ နွေဦး တော်လှန်ရေးထဲက ဘဝတွေ အသက်တွေကို မငဲ့ကွက်ပဲ ... သီအိုရီ တပိုင်းကြောင် နဲ့  လူရာဝင်လို စိတ်၊ စမ်းသပ်လိုစိတ် စတဲ့ မိမိရဲ့ အနုသယ အတ္တ ဆန္ဒဂတိ၊  NLD အပေါ်  အဘိဇ္ဇျာ တရား၊  EAO တွေအပေါ်  မတို့မထိ ရဲ ဖော်လံဖားနေရတဲ့ ဘယာဂတိ   တွေကြောင့် .... နောက်ဆုံးတော့ ဒေဝဒတ်လို  "လူလွန်မသား လမ်းစဉ်" တွေ ချပြပြီး  .. သင်းခွဲနေတာ ဖြစ်တယ်။  


တရသတွေကလည်း မျက်စိလည်တာလည်း မပြောနဲ့။ "လူလွန်မသား " သီအိုရီတွေ ဟာ မှန်သလိုလိုနဲ့ အစွန်းရောက်နေတာ မမြင်ကြတော့ဘူး။   


▪️ တချို့ ဖက်ဒရယ်ဆရာတော်တွေက ဘယ်လောက် ဆိုးရွားသလဲ ဆို ရင်  က်ဒရယ်ဟာ ဒီမိုကရေစီ"တဲ့  .. တကယ့် သောက်တလွဲတရား။ 


အာရပ်စော်ဘွားများ ပြည်ထောင်စု ဆိုရင် ပဒေသရာဇ် ဖက်ဒရယ်ပဲ။ ဝေးဝေးမကြည့်နဲ့၊  Federation Shan States ဆိုတာ ကိုလိုနီတပိုင်း ပဒေသရာဇ်တပိုင်း ဖက်ဒရယ်ပဲ။ ပင်လုံစာချုပ် မှာ ပြည်မ ဒီမိုကရေစီ နဲ့  ပဒေသရာဇ်  စော်ဘွားတွေ ပေါင်းစည်းတဲ့ စာချုပ်ပဲ။ ဒါပေမယ့် ပုဒ်မ(၆) မှာ ရှမ်းလွတ်လပ်ရေးအဖွဲ့ချုပ်က တောင်းဆိုလို့ ဗိုလ်ချုပ်အောင်ဆန်းက " ဒီမိုကရေစီ" ထည့်ပေးလိုက်တာ။ ရှမ်းစော်ဘွားတွေ ခွဲထွက်ချင်တဲ့ နောက်ကွယ်က အကြောင်းတရာက "ဒီမိုကရေစီ"ပဲ


ဒီနေ့ တချို့ EAO တွေ  ဖက်ဒရယ် ဒီမိုကရေစီ ချာတာမှာ မပါဝင်ချင်ကြတာ အကြောင်း ၂ ချက်ပဲရှိတယ်။ (၁) သမိုင်းလှန် နယ်မြေ လုခြင်း( ၂) ဒီမိုကရေစီ မလိုလားခြင်း။ ဒါကို ဒုတ်ဒုတ်ထိ သိဖို့ လိုတယ်။ ချေချွတ်ဖို့ လိုတယ်။ ဒါကို ပတ်ရှောင်ပြီး CRPH ကို ဖောင်းထုနေတာ ဒေဝဒတ်နည်းလမ်းပဲ။



▪️  NUCC ဟာ  မတူတာ ခွဲလုပ် တူတာ ပေါင်းလုပ်မယ့်  ပြည်သူ့ အကျိုးအတွက် ငြင်းခုံနေတဲ့  မိတ်ဘက်ပဠိပက္ခ အဖွဲ့  ဖြစ်သင့်တယ်။ အခုတော့ ဒီလို မဟုတ်ပဲ .. NLD နဲ့ CRPH ကို  နင်းချဖို့ အမြဲ ကြိုးစားနေတဲ့ လူတွေ ပါနေတဲ့  ခွက်စောင်းခုတ် ဖျာခင်း ဂိုဏ်းဂဏ ဖွဲ့   ကန့်လန့်တိုက်နေတဲ့  ရန်သဘော ဆောင်နေတယ်။


အခြား တရသတွေဟာ ခံစားချက် ရှိတာ မှန်တယ်။ ဝေဒနာ ရှိတိုင်း ပညာမရှိဘူး။ အခြား တရသတွေဝေဒနာ ကို  ဂရုဏာသက်ပြရုံနဲ့ ပညာ မရဘူး။ ခွဲခြားစိတ်ဖြာ သုံးသပ်မှု မပါရင် ၊ အလယ်အလတ် မရှူတတ်ရင် ၊ အမှန်ကို ရဲရဲလက်မခံရင် ပညာမရဘူး။ပညာမရှိရင်   စကားဟာ ပျားသကာလို ချိုမြနေပါစေ အမှန်မရောက်ဘူး။ အမှန်မရောက်ရင် အမှားသံသရာလည်နေမှာပဲ


အခြား တရသတွေ မှားရင် ဝေဖန်ထောက်ပြရမယ့်အစား၊ သမာသမတ်ကျရမယ့် အစား ၊ တရသတွေကို မြှောက်ပေးပြီး  ၊ ဘက်လိုက်မှု ကင်းဟန်ဆောင်နေပေမယ့်

အတွင်းမနောက အပုပ်ဓာတ်တွေ တငွေ့ငွေ့ ထွက်နေတယ်


ဒါကြောင့် NUCC ဟာ  အလားအလာ မကောင်းဘူး


▪️ NUCC အဖွဲ့ဝင် မိုးထက်နေက "  ပြည်သူက ဆန္ဒပြပွဲတွေမှာ ကြွေးကြော်သံ  ပြောင်းလဲလာတယ်။အစက စုရွေးလွှတ်ကို အော်ပြီး နောက်ပိုင်း ဖက်ဒရယ်ကို အော်လာတယ်။ ဒါကြောင့် .... စုရွေးလွှတ်ကို ဆုပ်ကိုင်စရာ မလိုဘူး " ဆိုပြီး အင်တာဗျူးမှာ ပြောသွားတယ်။ အင်တာဗျူးတာက ဖက်ဒရယ်ဂျာနယ်။ 


 ကြွေးကြော်သံ ဆိုတာ  လူထုက ရှေ့ကတိုင်ပေးတဲ့  အုပ်စုနောက် လိုက်ကြတယ်ဆိုတဲ့  လျှို့ဝှက်ချက်ကို ထည့်ပြီး မငြင်းချင်ဘူး။  ဒါပေမယ့်  " စု ရွေး လွှတ် ကို ဆန့်ကျင်ကြ" မအော်ကြသလို "မိုးထက်နေကို ထောက်ခံကြ" " NUCC ကို ထောက်ခံကြ" လို့ မအော်တာ ...  သေချာတယ်


မိုးထက်နေက  ရှေ့က ကြွေးကြွော်သံတွေဟာ မြောင်းထဲ ထည့်လိုက်ပစ်သလို ပြောနေတာ မှားတယ်။ ကြွေးကြော်သံ အဆင့်ဆင့် ပြောင်းလဲတာပဲရှိတယ် ...  " ထပ်တိုး"တာပဲ ရှိတယ်။ "ပယ်ဖျက်" တာ မရှိဘူး ။ R2P တောင်းဆိုတာ၊ US UN ဝင်လာဖို့ တောင်းဆိုတာကို ပယ်ဖျက်တာ၊ ဆန့်ကျင်တာ မရှိဘူး။


ကျောက်အုတ်တွေ စီသလို  အဆင့်ဆင့် ထပ်တိုးတာပဲရှိတယ်။  ဖျက်ဆီးပြီး အစားထိုးတာ မရှိဘူး။


(၁) စုရွေးလွှတ်ကို ဖျက်ဆီးလို့ မရသလို


(၂)  စုရွေးလွှတ်မှာ ရပ်တန့်နေလို့လည်း မရဘူး


"၂၀၂၀ ရွေးကောက်ပွဲ က ပြည်သူ့အာဏာကို  ထပ်လောင်း အတည်ပြုတဲ့ ပြည်သူ့ ဆန္ဒတွေကို ဖျက်ဆီးတဲ့သူတိုင်းဟာ ပြည်သူ့ရန်သူပဲ"


▪️ NUCC အဖွဲ့ဝင် လွေးပိုးငယ် (အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) ) ပြောတာက " ကျမအနေနဲ့တော့ လွှတ်တော်ကိုယ်စားလှယ်တွေသည် ပြည်သူလူထုက မဲပေးရွေးချယ်တင်မြောက်ထားတဲ့တရားဝင်မှု ရှိတယ်၊ သို့သော် ၂၀၀၈ ကို ဖျတ်လိုက်ပြီ ဆိုကတည်းက အဲ့ဒီ ၂၀၀၈ ကနေ စီးဆင်းလာတဲ့ ဘယ်အရာမဆို ကျမတို့ ဆက်ပြီးကိုင်စရာ မရှိတော့ဘူးလို့ မြင်တယ်။ " လို့ေ ပြာတယ်။


၂၀၂၀ mandate ကို ကိုင်စွဲစရာ မလိုရင် ၂၀၂၁ ပြည်ထောင်စု လွှတ်တော်လည်း မရှိဘူး ။ CRPH လည်း မရှိတော့ဘူး။ ဖက်ဒရယ် ဒီမိုကရေစီချာတာလည်း တရားမဝင်တော့ဘူး။ NUCC လည်းတရားမဝင်တော့ဘူး။ 


ပြည်သူပေးတဲ့ မဲရလာဒ်ကို 


☝️  စကစပဲ ဖျက်တာ မဟုတ်ဘူး။ 


☝️ NUCC ထဲက  အာဏာရူးတွေ လည်း ဖျက်တာပဲ။


အဲဒီ အမျိုးသမီးအဖွဲ့က ပြည်သူ့ကိုယ်စား ပြုတယ် ဆိုရအောင် ၁၉၉၀ ထဲက De Jure အာဏာရှိတယ်ဆိုရအောင် ...  ဘယ်နှစ်ယောက်  လွှတ်တော်ထဲ တက်ခဲ့သလဲ။ ဘာ ဥပဒေပြုခဲ့သလဲ။ ဘာ အစိုးရဖွဲ့ခဲ့သလဲ။


De Jure = ပြည်သူက သူတို့ကို အုပ်ချုပ်ဖို့ တရားသော နည်းလမ်းနဲ့ လွှဲအပ်တဲ့ ပြည်သူ့ အာဏာ၊ 


De Facto = ပြည်သူကို ဒမြ၊ သူပုန်၊ ဘုရင်၊ အာဏာရှင် ဘယ်နည်းနဲ့ မဆို ၊ စစ်တပ် ရဲ အကျဉ်းထောင်ဆိုတဲ့  စိုးမိုရေး ယန္တားသုံးပြီး လက်တွေ့ အုပ်စိုး တဲ့ အာဏာ။


ဆိုတော့  ၁၉၉၀ ထဲက ထူထောင်တယ်ဆိုတဲ့ အမျိုးသမီးများအဖွဲ့ချုပ် အဲဒီ အာဏာ ၂ ရပ် ရှိလို့လား။ မလိမ်တမ်း ဖြေကြည့်ဖို့ လိုပါမယ်။


▪️ EAO တွေက De Facto  အာဏာရှိတယ် ဆိုရင် လက်ခံလိုက်တယ်။  ဒါပေမယ့် သူတို့ အုပ်စိုးတဲ့နယ်မြေမှာပဲရှိတာ။ 


KNU က ကော်သူလေ ဟာ ဧရာ၊ ပဲခူး၊ မွန်၊ တနင်္သာရီ၊ ကရင် အကုန်လုံးကို ကိုယ်စားပြုတယ် .. KNPF က  မိုးဗြဲ ၊ နေပြည်တော်အရှေ့ အထိ ကရင်နီ ပြည်နယ်လို့ သတ်မှတ်တယ်..  ပျူ စစ်ရင် မြန်မာ အုပ်စုက ပျူ အထောက်အထား ရှိတဲ့ တပြည်လုံးဟာ မြန်မာ ပိုင်လို့ ပြောတယ်..  ဝ တွေက ကျိုင်းတုံခရိုင်ဟာ ဝပြည်နယ်ထဲပါတယ် ပြောတယ် ၊ ... မွန်က ဧရာ၊ ပဲခူး၊ မွန် ဟာ မွန်ပြည် လို့ ပြောတယ်.. ရခိုင်က မော်တင်စွန်း၊ ပလက်ဝ၊ ဘင်္ဂလာ့ဒေ့ရှ်ဟာ  ရခိုင်ဘုရင့်နိုင်ငံလို့ ပြောတယ်။ 


ဒါတွေဟာ  မိမိဘာသာ claim တဲ့ အဆင့်ပဲရှိတယ်။ 


လက်တွေ့မှာ ... ကရင်ပြည်နယ်မှာ BGF၊ DKBA ၊ စကစ  က မြို့တွေမှာ ကြီးစိုးနေတာ။ ရခိုင်မှာ  ALP၊  စကစ  က   ကြီးစိုးနေတာ။ သူတို့လည်း De Facto လေ။ ရှမ်းမှာ De Facto  စုံစီနဖာဖြစ်နေပြီ။ 


De Facto မို့လို့ အော်တိုမစ်တစ် အလိုလို De Jure ရှိတယ် ပြောရင် " မအလက ပြုံးနေလိမ့်မယ်"။   သူလည်း အဲဒီစကားကို ထောက်ခံလိမ့်မယ်။ သူက De Facto  စိုးမိုးနေသေးတာပဲ။ ကုလသမဂ္ဂအထွေထွေညီလာခံမှာ   မြန်မာပြည်က De Facto တွေအတွက် ထိုင်ခုံချပေးဖို့  ဘောလုံ: ကွင်းတခုမှာ နေရာချရလိမ့်မယ်။ 


ဖက်ဒရယ် ဒီမိုကရေစီ လမ်းချော်ပြီး မအလနဲ့  သံတူ ကြောင်းကွဲ ဖြစ်နေကြတာ ၊ မူဝါဒ အခြေမခိုင်ပဲ.. လူကြားကောင်းရုံ  အော်ဟစ်နေကြတာ သတိပြုစရာပါ။


▪️Legitimate  ဆိုတာ လူတွေက ပြဒါန်းထားတဲ့ ဥပဒေတခုခု ဒါမှမဟုတ် ကျင့်ထုံးတခုခု အပေါ်မှာအခြေခံတယ်။   


ဥပဒေအရ legitimate  ဖြစ်တယ် ဆိုတာ ကုမ္ပဏီ၊ အသင်းအဖွဲ့ ထောင်တာ တရားဝင် ဖွဲ့စည်းတယ်လို့ခေါ် တယ်။  ဥပမာ။ ကိုကျော်သူ နာရေး ကူညီမှုအသင်း။  Lawful ဖြစ်တယ် ..  ရှိပြီး ဥပဒေတခုခုနဲ့အညီ လို့ ဆိိုလိုတယ်။  အမွေဆက်ခံတာလည်း ဥပဒေအရ legitimate ဖြစ်တဲ့ သားသမီးကိုပဲ လွှဲပေးရတယ်။ 


နိုငံရေးအရ Legitimate ဖြစ်တယ် ဆိုတာ ခေတ်ကာလ အပေါ်မှာ မတူဘူး။ သမိုင်းဦးဘုံမြေခေတ်မှာ  .. လူတွေဟာ သူတို့ကို အုပ်ချုပ်ပါလို့  အာဏာမလွှဲဘူး။ ဘုံသဘောတူညီပြီး ဆုံးဖြတ်တာပဲ။ နောက်တော့  .. အကြီးအကဲကို အမှုအခင်းတွေ ဆုံးဖြတ်ခိုင်းရာက အုပ်ချုပ်ရေးစနစ်ပေါ်လာတယ်။ 


အကြီးအကဲတွေဟာ ဆွေစဉ်မျိုးဆက် အာဏာလွှဲရာက လူအထင်ကြီးအောင် နေမျိုးနတ်နွယ်၊ ဘုရားအာဏာတော် ၊ ဘုရားအလောင်း ၊ မင်မျိုး ၊ ခတ္တိယမျိုး၊ သာကီဝင်မျိုး ဆိုတဲ့ တရားဝင်မှုကို စတင်ဖန်တီးလာတယ်။ မြန်မာအစမှာ တကောင်းဆက်၊ သတိုးမျိုးမှ Legitimate ဖြစ်တယ် ဆိုတယ်။ ကျန်စစ်သားလို မင်းရိုးမဟုတ်တဲ့ ငတပါး de facto မင်းတွေ ဟာလည်း သားသမီးကို မင်းရိုး နန်းရိုးနဲ့ ပေးစားပြီး  legitimate ဖြစ်အောင်လုပ်တာပဲ။ ရှမ်းညီနောင် ၃ ပါး အဆက်အနွယ်တွေက သတိုးမျိုးကို လက်ထပ်ကြတယ်။  မုဆိုးဖိုက ဦးအောင်ဇေယျက ပုဂံ မင်းရိုးနဲ့ လှမ်းချိတ် "ကုန်းဘောင် " ထိုးတာပဲ။ 


ဒါပေမယ့်  အဲဒီ လို  နေမျိုးနတ်နွယ် Legitimacy ဟာ .. ဝေဿန္တရာမင်းလို ပြည်သူက မကျေနပ်ရင် နုတ်ထွက်တယ် ဆိုတာ မလိုက်နာတော့ဘူး။ အဖဘုရင်ကြီး သတ်ရင် ဘုရင်ဖြစ်တယ် ဆိုတဲ့ "ဓါးမိုး " ပြီး ဘုရားဗျာဒိတ်ရတယ်ဆိုပြီး လုပ်ဇာတ်တွေ နဲ့ ပြည်သူကို လိမ်ညာပြီး Legitimacy ယူကြတာပဲ။ မြန်မာမှာပဲ လား မဟုတ်ဘူး။ အခြား တရသတွေမှာ ဒီလိုပဲ။ အခြား နိုင်ငံတွေမှာလည်း ဒီလိုပဲ။  ဂျပန်၊  ထိုင်း၊ အင်္ဂလန်မှာ ဆိုရင်  ဥပဒေပြုရေး၊အုပ်ချုပ်ရေး၊ တရားစီရင်ရေးကို ဒီမိုကရေစီ နည်းကျ ဖြစ်နေတာတောင်၊ ဘုရားအာဏာ ဆက်သခံရတော်မူသော မင်းရိုးကို အထွတ်တင်နေကြတုန်းပဲ။


နိုငံရေးအရ Legitimateဟာ အခြားတဖက်ရှိသေးတယ်။  ဖက်ဆစ်စနစ်၊ ကွန်မြူနစ်စနစ်မှာလည်း သူနည်း သူဟန်နဲ့  အဓိပ္ပါယ် ဖွင့်ကြတာပဲ။ အမျိုး ဘာသာ သာသနာ အပေါ်မှာ ၊ ကုန်ထုတ် အလုပ်လုပ်သူလူတန်းစား အပေါ်မှာ အခြေတည်ပြီး ဥပဒေတွေ ပြဒါန်းကြတယ်။ သူတို့လည်း မူလ ဘူတက ပြည်သူပဲ လို့ ပြောကြတာပဲ။ ဒါပေမယ့် လိုရာ ဝါဒဘက် ဆွဲချသွားကြတာပဲ။ 


ကုလသမဂ္ဂ လို နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း  ဘယ်နည်း ဘယ်ပုံ Legitimacy ဖြစ်တယ်လို့  စည်းမျဉ်း တိတိပပ ရေးသား ထုတ်ပြန်ချက် မရှိဘူး။ ဒါပေမယ့် ကုလသမဂ္ဂ လူအခွင့်အရေး ကြေညာစာတမ်းမှာ" အစိုးရသည် ပြည်သူ့ဆန္ဒနဲ့ တင်မြှောက်သူ ဖြစ်ရမယ် " လို့ ပါတယ်။ 



ဒါကြောင့်  ဒီမိုကရေစီခေတ်မှာ ....


De Jure  ဆိုတာ တရားဝင် လွှဲအပ်တဲ့ အာဏာ ဖြစ်တယ်။ ဒါက ဒီမိုကရေစီ သဘော

တရားနဲ့ ဆိုင်တယ်။  ပြည်သူက ရွေးကောက်တင်မြှောက်ပြီး ပြည်သူအာဏာကို လွှဲအပ်တာ။ ။ ပြည်သူ့အာဏာ ရှိတာကို ခေါ်တာ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာာစာတမ်းအရ " ပြည်သူဆန္ဒနဲ့ တင်မြှောက်သော အစိုးရ" ကို ဆိုလိုတယ်။


☝️ တရားဝင်မှု  legitimate  နဲ့ 


☝️ တရားဝင်အာဏာ de jure  မတူဘူး။


စောစောက ပြောသလို  ကုမ္ပဏီ၊ ပါတီ၊ အသင်းအဖွဲ့ တွေ ဥပဒေအရ legitimate ဖြစ်တာ နဲ့  နိုင်ငံရေးအရ legitimate မတူဘူး။ ပဒေသရာဇ် legitimate ဖြစ်တာနဲ့ ဒီမိုကရေစီ legitimate ဖြစ်တာ မတူဘူး။ 


စကားတလုံးနဲ့ ရွာလည်နေတယ်။  "တရား " မြင်တာနဲ့ စွပ်ပြီး ဆွဲစိတာပဲ။ ဝိပသနာ "တရား"စခန်းကယောဂီတွေတောင် လွှတ်တော်တက် NUCC ထဲ ပါရမလို ဖြစ်နေပြီ။ တလွဲ လော့ဂျစ်တွေနဲ့ NUCC ထဲဝင်ထိုင်နေတယ်။ 


လွေးပိုးငယ် ( အမျိုးသမီးအဖွဲ့ချုပ်)  ပြောသလိုဆို မိခင်နဲ့ ကလေး အသင်း၊ ကိုကျော်သူလည်းလွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ တန်းတူ ဖြစ်နေပြီလား။ သီပေါမင်း အနွယ်တော်တွေ၊ ကနောင်မင်းအနွယ်တော်တွေ ရှိသေးတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ တန်းတူ ဖြစ်နေပြီလား။


▪️အာဏာသည် ပြည်သူက ဆင်းသက်ရမည် ဆိုတဲ့ ဒီမိုကရေစီ စံနှုန်းအရရော၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းအရရော... ပြည်သူ့ဆန္ဒဟာ ... အာဏာပဲ။ ဥပဒေ ပြု၊ အုပ်ချုပ်၊တရားစီရင် ခွင့် ၃ ရပ်ဟာ ပထမဆုံး .. လွှတ်တော်မှာ တည်တယ်။ လွှတ်တော်က တဆင့် ကျန်တာ ခွဲဖြာပေးရတယ်


ကိုယ့်ဘာသာ ဂိုဏ်းထောင်ပြီး ဗိုလ်လုပ်တာ နဲ့ မတူဘူး။


ဒီအခြေခံတောင် မသိပဲ NUCC ထဲမှာ ကော်မတီဝင် လုပ်နေကြတယ်။ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ  ဝင်ရေးနေတယ်။ သောက်တလွဲတွေ ဖြစ်ကုန်တော့မှာပဲ။ 




၂၀၂၀ ရွေးကောက်ပွဲက ပေးတဲ့ ပြည်သူက ပေးတဲ့ Mandate ကို  " Please Respect Our Vote " ဆိုတဲ့  ၂၂၂၂ လူထုဆန္ဒပြပွဲကြီး က ထပ်ဆင့်ဖော်ပြတဲ့ Mandate ကို၊    


👉 အမှိုက်ပုံထဲ ပစ်ထည့်သူတွေဟာ NUCC ထဲမှာ ရှိနေတယ်။


👉 တဘက်မှာလည်း မအလ  က ၂၀၂၀ ရွေးကောက်ပွဲကို ဖျက်သိမ်းတယ်။ ၂၀၂၃ PR ရွေးကောက်ပွဲလုပ်  ပြီး အစားထိုးမယ် စီစဉ်နေတယ်။ 


မအလက ၂၀၂၀ ရွေးကောက်ပွဲကို "အပြင်ဖျက်" ဖျက် နေသလို၊  NUCC ထဲ မှာ ဘဲအုပ်က တရာ နှစ်ရာ မဗေဒါ NLD က တပင်ထဲ "  ဝိုင်းတွတ်ပြီး " အတွင်းဖျက်" ဖျက် နေကြတဲ့ ဒေဝဒတ်တွေ ရှိနေတယ်။


"စုရွေးလွှတ်" ကို ဖောင်းထုတဲ့ အကြောင်းရင်းက  " စု " ကို တည်ပြီး "ရွေးနဲ့ လွှတ်" ကို ဖျက်နေတဲ့ကောက်ကျစ်တဲ နည်းလမ်းပဲ။  ဒီလို ပြောတာ သူတယောက်ထဲ မဟုတ်ဘူး။ NUCC ထဲ အဖွဲ့ အများစုက ဒီလို သဘောထားရှိနေတယ်။


( နောက်တပုဒ် စုရွေးလွှတ်+ ဘာလဲ ဒီမှာ ဖတ်ပါ 👉  https://minthitburma.blogspot.com/2022/05/national-unity-government-nug.html   ) 


▪️ စာအရှည်ကြီး ဖတ်ပြီး နိဂုံးချုပ်ရရင်


" ဖက်ဒရယ် "ဒီမိုကရေစီ" ကို တကယ် လုပ်ကြပါ" 


" ပင်လုံစာချုပ်နဲ့ အောင်ဆန်းကတိမှာ ပါတဲဲ့ အချက်တွေကိုပဲ ပြောပါ။ မပါတဲ့ ထိုးဇတ်တွေ ဖယ်ပါ"


" သမိုင်းမှန်ဖို့ လိုတယ်။  မြန်မာနဲ့ အခြား တရသ သမိုင်းတွေဟာ ပါးစပ်ရာဇဝင်တွေ များတယ်။ ပုဂံရာဇဝင် ဒုတ်ထမ်းပြောရသလို၊  အိပ်ရာဝင် ပုံပြင်၊ ပါးစပ်ရာဇဝင် တွေနဲ့ ဖက်ဒရယ် တည်ထောင်လို့မရ" 


▪️


၂၀၀၈ခြေဥပျက်တာနဲ့ရောပြီး  ရွေးကောက်ပွဲရလဒ်လည်း ပျက်သွားပြီလို့ပြောခြင်းဟာ... ပြည်သူ့ဆန္ဒကို  စော်ကားရာရောက်တယ်။ 


ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းချင်တဲ့  အာဏာလုအဖွဲ့သဘောထားနဲ့ တစ်ထပ်တည်းဖြစ်နေတဲ့  


လူတွေ၊ အဖွဲ့တွေဟာ... အာဏာလုအဖွဲ့ရဲ့ဒလန် ဖြစ်နိုင်ချေများတဲ့အတွက် အထူးသတိထားရပါမယ်။NUCCအဖွဲ့မှ  ထုတ်ပယ်သင့်ပါတယ်။


" ရန်သူ ဖြစ်စေချင်တာ လုပ်တာ ရန်သူ့လူပဲ"

" လူလွန်မသား သီအိုရီတွေနဲ့  ဖက်ဒရယ်သင်းခွဲ နေတယ်"

" နွေဦးတော်လှန်ရေးဟာ စိတ်ကူးယဉ် တပိုင်းကြောင် တွေအတွက် 

ဖက်ဒရယ် စမ်းသပ်ခန်းမဟုတ်"


ဒလန် ဆိုတာ  မွေးဒလန် နဲ့ ကျွေးဒလန် ၂ မျိုးရှိတယ်။ ကျွေးတာမှာလည်း လာဘ်လာဘ ကျွေးတာနဲ့အဆိပ်သင့် အတွေးအခေါ် ကျွေးတာ ရှိနေတယ်။ NUCC ထဲက ဒလန်တွေဟာ ဒုတိယ အမျိုးအစားဖြစ်နိုင်တယ်။


ပြည်သူ့လွှဲအပ်တဲ့ ကိုယ်စားပြု အာဏာကိုလည်း နှစ်ပြားမတန်အောင် ပြောသူတွေ ပါနေတဲ့ NUCC က NLD ထွက်ရုံတင် မကဘူး။ CRPH အနေနဲ့ NUCC ကို အသစ်ပြန်ဖွဲ့စည်းဖို့ ဥပဒေပြင်သင့်တယ်။


 ==


စု = စု လွတ်မြောက်ရေး


ရွေး = ပြည်သူက ရွေးကောက်ပွဲက တရားဝင် အာဏာ လွှဲခြင်း


လွှတ် = လွှတ်တော် ( ၂၀၂၁ လွှတ်တော်သစ် + CRPH )

Comments

Popular posts from this blog

ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်နယ် ဖွဲ့ဖို့ လမ်းညွန်ခဲ့တဲ့လို့ ပြောဆို ရေးသားတဲ့ လူတိုင်းဟာ လိမ်လည်မှုကို ကျူးလွန်နေတာ ဖြစ်တယ်

မြန်မာတွေက မြန်မာ ( ဗမာ ) ပြည်နယ် မဖွဲ့ပဲ တိုင်းဒေသကြီးတွေ ဖန်တီးထားသလား

ဗမာလူမျိုးကြီးဝါဒ (သို့မဟုတ်) စစ်တပ်မနိုင် ဗမာမဲ (part 1)