NLD ဟာ လက်နက်ကိုင်တော်လှန်ရေး လုပ်နေတာလား ? ခုခံစစ် ဆင်နွဲနေတာလား ?

NLD ၃ မျိုး -    အကြမ်းနည်း ၃ မျိုး

မင်းသေ့က ဘာရေးသလဲ ဆိုတော့ " NLD ဟာ လက်နက်ကိုင်တော်လှန်ရေးကို လုပ်ဖို့ မူဝါဒရှိသလား" တဲ့။

လက်နက်ကိုင်တော်လှန်ရေးကို အကြမ်းဖက်ဝါဒ လို့ တခါတရံ သုံးတယ်။ မြန်မာစကားဟာ လိုရာဆွဲကြတာပဲ။
"အကြမ်းဖက်" ဝါဒ ဆိုတဲ့​ ​ဝေါဟာရဟာ အရှေ့အလယ်ပိုင်းဒေသက စစ်သွေး​ကြွ တွေနဲ့ ပက်သက်ပြီးမှ ဆိုးရွားတဲ့ ဝေါဟာရ ဖြစ်လာတာ။ အင်္ဂလိပ်လို terrorist လို့ ခေါ်တယ်။ အရပ်သားတွေကို ဥပဒေမဲ့ ပရမ်းပတာသ/တ်ဖြတ်ခြင်း လို့ ဘာသာပြန်သင့်တယ်။

ဒါပေမယ့် မြန်မာ စကားမှာ "အကြမ်းနည်း" ဆိုတာ terrorism ကိုချည်း သုံးတာ မဟုတ်ဘူး။ လက်နက်ကိုင် တော်လှန် ရေး armed revolution ကို ဖြစ်စေ၊ စစ်ရေး military mean ကို ဖြစ်စေ အကြမ်းနည်းလို့ သုံးတယ်။ ဒါကို ဘယ်မှာ တွေ့နိုင်သလဲ ဆိုတော့ .. ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေမှာ တွေ့ရတယ်။ လွတ်လပ်ရေးကို " အသာတကြည် ရရင်ရ မရရင် အကြမ်းပတမ်း လုပ်ရမှာပဲ " လို့ ပြောသွားတယ်။

မြန်မာပြည်ဘုရင်ခံ၏ အလုပ်အမှုဆောင် ကောင်စီ ဒု-သဘာပတိ (ဝန်ကြီးချုပ် ) ဦးအောင်ဆန်း ဘိလပ်သို့ မသွားမီ တိုင်းပြည်သို့ အသံလွှင့် ပြောကြားခဲ့သော မိန့်ခွန်း -
" အဲဒီလို အာဏာ လွှဲပြောင်းတာဟာ အေးအေးဆေးဆေးနဲ့လဲ လုပ်ချင် လုပ်နိုင်တာဘဲ။ ဒီလိုမှ မဟုတ် အကြမ်းပတမ်းဖက်ပြီးလဲ လုပ်ချင် လုပ်ရမှာဘဲ။ ဘယ်လိုဘဲ ဖြစ်ဖြစ် အာဏာ လွှဲပြောင်းတာ မရှိဘဲနှင့် လွတ်လပ်ရေး မရနိုင်ဘူး။ " (၁၉၄၇ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့၊ ည ၇ နာရီ မိနစ် ၄၀ )

ဒီတော့ မြန်မာဝေါဟာရအရ " အကြမ်းဖက် " လို့ သုံးရင် ..
▪️အရပ်သားတွေကို ဥပဒေမဲ့ ပရမ်းပတာသ/တ်ဖြတ်ခြင်း terrorism ကို ဖြစ်စေ၊
▪️ လက်နက်ကိုင် တော်လှန် ရေး armed revolution ကို ဖြစ်စေ၊
▪️ စစ်ရေး နည်းလမ်း military mean ကို ဖြစ်စေ၊ .. ရည်ညွန်းနေတယ်။
မြန်မာဝေါဟာရ " အကြမ်းဖက် " ဟာ violence လို့ အဓီပပါယ်ရှိတယ်။

"အကြမ်းဖက်" အကြောင်း ခဏနားပြီး NLD စကားလုံး တလုံးကိုပဲ အမျိုးစုံ ရေလဲသုံးနေကြတာကို သရုပ်ခွဲပြဖို့ လိုတယ်။
------------------------------------

NLD စကားလုံး တလုံးကို အနောက်က နာမ်ပုဒ်ကပ်ရင် ကွဲပြားမှု ၃ ခုရှိတယ်။ ။ ဒါကို ဦးစွာပထမ ကွဲကွဲပြားပြား ပြောဆိုကြဖို့ လိုတယ်။

(၁) NLD ပါတီ ။ ။ NLD ပါတီ ဟာ ၂ ပါတီ ရှိတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ မှတ်ပုံတင်တဲ့ NLD ပါတီ က တခု၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ဖို့ မှတ်ပုံတင်တဲ့ NLD ပါတီက တခု။ တူတာ ရှိသလို ၊ မတူတာ ရှိတယ်။ ထားတော့။ NLD ပါတီဟာ ရိုးရိုးပါတီဝင်+ ရွေးကောက်ခံ အမတ် ဆိုပြီး ၂ စားရှိတယ်။ ဒီတော့ ဘူး လုံးနားမထွင်း ပြောရင် အကြံဆိုးတခုခု ရှိနေတတ်တယ်။ ရွေးကောက်ခံ အမတ် မဟုတ်ရင် ပြည်သူ့ဆင့်လွှဲအာဏာ mandate မရှိဘူး။

(၂) NLD လွှတ်တော်။ ။ ဒါလည်း ၂ မျိုးရှိတယ်။ NLD လွှတ်တော်လို့သာ ပြောနေကြတာ၊ တကယ်တော့ ၂၀၀၈ ခြေဥအောက်က ဘယ်လွှတ်တော်မှ NLD ပိုင်စိုးတာ မရှိဘူး။ ၂၅% စစ်အမတ် နဲ့ ပုဒ်မ ၄၃၆ က ထောက်ထားတာ။ အက်ဥပဒေ နည်းဥပဒေလောက်ပဲ ပြဒါန်းပေးလို့ရတယ်။ ဖက်ဒရယ် ဒီမိုကရေစီ ဆိုတာတွေ ဖြစ်ဖို့ လုပ်ပေးလို့ မရဘူး။ ကြံဖွတ်နဲ့ တိုင်းရင်းသား ပါတီတွေက ၂ဝ% ရှိတယ်။ ဒီမိုကရေစီ အာဏာရှင်၊ တပါတီအစိုးရလို့ အပုပ်ချပြောသူတွေ ဟာ လွှတ်တော်ထဲ ရောက်မှ အုတ်ရောရော ကျောက်ရောရော လုပ်ခံထားရတဲ့ ရာခိုင်နှုန်း ကို တွက်ကြည့်ပါ။

နောက်လွတ်တော်တခုက .. ၂၀၂၁ မှာ ဖွဲ့စည်းတဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ CRPH ။ အဲဒီမှာတော့ ဥပဒေပြုအာဏာ အပြည့်အဝရှိတယ်။ ၂၀၀၈ ခြေဥလည်း မရှိဘူး။၂၅% စစ်အမတ် နဲ့ ပုဒ်မ ၄၃၆ မရှိဘူး။ ပြည်သူ့ဆင့်လွှဲအာဏာကို ၁၀၀% အပြည့်အဝ သုံးထားတယ်။ ဒီမိုကရေစီနည်းအရ ၅၀% ကျော်ရင် ဘယ်ဥပဒေမဆို ပြဒါန်းနိုင်တယ်။

(၃) NLD အစိုးရ။ ။ NLD အစိုးရလို့ နုတ်ကျိုးပြီး ခေါ်နေကြတာ။ NLD က ၁၀၀% အပြည့်အဝ အုပ်ချုပ်ရေးအာဏာ ယူတဲ့ အစိုးရ ဒီကမ္ဘာမြေပေါ်မှာ တခါမှ မပေါ်ဘူးသေးဘူး။

ပထမ တမျိုးက ... ၂၀၀၈ ခြေ/ဥ အောက် က အစိုးရ။ အဲဒီ အစိုးရမှာ အရေးပါတဲ့ အုပ်ချုပ်ရေး ယန္တရား ရဲ၊ အကျဉ်းထောင်၊ တရားရုံးဟာ NLD လက်အောက်မှာ ရှိမနေဘူး။ ( ရှိမရှိ အခု မြင်နေတာပဲ) ။ နောက်ပြီး ပြည်ထဲရေး၊ နယ်စပ်လုံခြုံရေး၊ ကာကွယ်ရေး ဆိုတဲ့ စိုးမိုးရေးယန္တရားလည်း NLD လက်အောက်မှာ မရှိဘူး။ အဲဒီ အစိုးရထဲမှာလည်း ကြံဖွတ်တွေ၊ စစ်ထွက်တွေ၊ မိုးကျရွှေကိုယ်တွေ၊ စစ်ဘောမတွေ ၈၀% ရှိတယ်။ NLD အစိုးရ ဆိုတာ ခေါင်းအငှါးခံပေးတဲ့ အဖွဲ့ပဲ ဖြစ်တယ်။

ဒုတိယတမျိုးက ... ၂၀၂၁ မှာ ဖွဲ့စည်းတဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ CRPH က အုပ်ချုပ်ရေးအာဏာ အပ်နှင်းတဲ့ NUG မှာလည်း NLD ၁၀၀% မဟုတ်ဘူး။ သမတကအစ၊ ဝန်ကြီး၊ ဒုဝန်ကြီးတွေဟာ NLD မဟုတ်သူ ၆၀% ရှိတယ်။

ဒီတော့ NLD အစိုးရလို့ နုတ်ကျိုးပြီး ခေါ်နေကြတာ တကယ့် NLD တပါတီအစိုးရ ဆိုတာ ဒီကမ္ဘာမြေပေါ်မှာ တခါမှ မရှိဘူး။

------------------------------------

မြန်မာဝေါဟာရ " အကြမ်းဖက်" အသုံးအနှုန်းဟာ အဓိပ္ပာယ် ဖွင့်ဆိုမှု ကွဲပြားတာလည်း သိပြီ၊ " NLD" စကားလုံး တလုံးကို ရေလဲသုံးနေကြပေမယ့် အမျိုးအစား မတူတာလည်း သိပြီ ... ဆိုတော့ ....

" NLD ပါတီမှာ အကြမ်းဖက်လမ်းစဉ် မရှိဘူး" ဆိုတာ ဘယ်တုံးက ဘယ်အမျိုးအစားကို ပြောတာလဲ ? ဖြေကြည့်ဖို့ လိုတယ်။ နောက်ပြီး NUG အစိုးရဟာ အကြမ်းနည်းကို သုံးနေတယ် လို့ ယိုးစွပ်ရင် ဘယ်အမျိုးအစားကို အသုံးပြုနေတာလဲ ? ထပ်မံ ဖြေကြည့်ဖို့ လိုတယ်။
violence အကြမ်းနည်း ၃ မျိုး
▪️အရပ်သားတွေကို ဥပဒေမဲ့ ပရမ်းပတာသ/တ်ဖြတ်ခြင်း terrorism
▪️ လက်နက်ကိုင် တော်လှန် ရေး armed revolution
▪️ စစ်ရေး နည်းလမ်း military mean

ကာလ (၁) 1990-2012 ။ ။ NLD ပါတီဟာ ၂၀၁၂ မတိုင်ခင်အထိ ပါတီ နိုင်ငံရေး မျှသာ ဖြစ်တယ်။ လက်နက်ကိုင် တော်လှန် ရေး armed revolution မလုပ်ဘူး။ စစ်ရေး နည်းလမ်း military mean နဲ့လည်း ပါဝင် ပက်သက်မှု မရှိဘူး။ ဒီတော့ အကြမ်းမဖက် ဘူးလို့ ၁၀၀% ဆိုနိုင်တယ်။

ကာလ (၂) 2012 - 2015 ။ ။ ဒါပေမယ့် NLD အမတ်တွေဟာ ၂၀၁၂ ကစပြီး လွှတ်တော်ထဲ ရောက်လာပြီ။ လုံခြုံရေး ကာကွယ်ရေး စစ်ရေးဘက်ဂျက်ကိစ္စတွေ ဆွေးနွေးလာပြီ။ ဒီတော့ NLD အမတ်တွေဟာ စစ်ရေး military နဲ့ မသက်ဆိုင်ဘူးလို့ ငြင်းနိုင်သူ ရှိသလား။ မငြင်းနိုင်။ ဒီတော့ NLD အမတ်တွေ အကြမ်းဖက် ဝါဒ မကိုင်စွဲဘူးလို့ ၁၀၀% မဆိုနိုင်တော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ လူသ/တ် လ/က်န/က်ဝယ်ဖို့ ငွေကြေးတွေကို အတည်ပြုပေးနေလို့ပဲ ဖြစ်တယ်။ ဒီတော့ NLD အမတ်တွေဟာ military mean အကြမ်းနည်းလမ်းကို ပံ့ပိုးကြတယ်လို့ ဆိုရမှာပဲ။

ကာလ (၃) 2015-2020 ။ ။ ( ဒီကမ္ဘာမြေမှာ NLD အစိုးရ မရှိဘူးလို့ ရှေ့က ပြောခဲ့ပြီ။ ဒါပေမယ့် လူအများ နှုတ်ကျိုးနေတဲ့ အတိုင်း ဆက်သုံးပါမယ်။ ) ၂၀၁၅ မှာ စစ်တပိုင်း NLD အစိုးရ ဖြစ်လာတယ်။ အကြမ်းမဖက် ရေး၊ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးချုပ် ရာထူးထက် တဆင့်မြင့်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်လာတယ်။ ကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီမှာ ပါလာတယ်။ အဲဒီအချိန်မှာ ARSA  နဲ့ စစ်ပွဲတွေ ဖြစ်တယ်။ ရခိုင့်တပ်မတော်နဲ့ စစ်ပွဲတွေ ဖြစ်တယ်။ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ " စစ်ပွဲတွေရပ်ကြ" လို့ ကြေညာချက်ထုတ်ဖူးသလား။ NLD သမတ ဦးဝင်းမြင့်ကရော စစ်ရေး ဘက်ဂျက်တွေ လက်မှတ်မထိုးဘူးလို့ ငြင်းခဲ့သလား။ စစ်ရေး military meanဟာလည်း အကြမ်းဖက်တာပဲ။ ဒီတော့ NLD အစိုးရဟာ military mean အကြမ်းနည်းလမ်းကို ပံ့ပိုးကြတယ်လို့ ဆိုရမှာပဲ။ မသက်ဆိုင်ဘူးလို့ ငြင်းနိုင်သူ ရှိသလား။ ( ICJ အထိ တက်ရှင်းရတယ် )

ကာလ (၄) 2021 onward ။ ။ ၂၀၂၁ မှာ NUG အစိုးရ ပေါ်ပေါက်လာတယ်။ ( NUG ဟာ NLD အစိုးရ မဟုတ်ဘူးလို့ ရှေ့က ဆိုခဲ့ပြီ။ ) ပြည်သူ့ဘက်သား စာရေးဆရာမှန်ရင် ပထမဆုံး သတိပြုရမှာ NUG ဟာ တရားဝင် အစိုးရတရပ် ဖြစ်တယ် ဆိုတာပဲ။ ဒါဟာ အရေးကြီးတယ်။ "မအလ စကစကို အစိုးရလို့ မှတ်ထားတယ် .. မြန်မာတပ်မတော် ကို အစိုးရ တပ်မတော်လို့ ခံယူချက်ရှိရင် " ရှေ့ဆက် မဖတ်ပါနဲ့။

NUG ဟာ တရားဝင် မြန်မာနိုင်ငံတော်အစိုးရ ဖြစ်တယ်။ အစိုးရတရပ်ဖြစ်သည်နှင့်မျှ ကာကွယ်ရေးဝန်ကြီးဌာန ရှိတယ်။ ကာကွယ်ရေး ဝန်ကြီးဌာနအောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရှိတယ်။ မြန်မာနိုင်ငံတော်အစိုးရဟာ စစ်တပ်တွေ ထူထောင်ခွင့်ရှိတယ်။ ပြည်သူကို ကာကွယ်ဖို့ စစ်ရေးနည်းလမ်း သုံးခွင့်ရှိတယ်။

NUG ဟာ အကြမ်းနည်း သုံးနေသလား ဆိုရင် ...
▪️အရပ်သားတွေကို ဥပဒေမဲ့ ပရမ်းပတာသ/တ်ဖြတ်ခြင်း terrorism
▪️ လက်နက်ကိုင် တော်လှန် ရေး armed revolution
▪️ စစ်ရေး နည်းလမ်း military mean မှာ ...
၃ ခုမှာ တတိယမြောက် စစ်ရေး နည်းလမ်း military mean ကို သုံးနေတာ ဖြစ်တယ်။

စကစသည် သူပုန်တပ် ဖြစ်တယ်။ သူပုန်တပ်ကို နှိမ်နင်းဖို့ အစိုးရတရပ်ဟာ စစ်ရေးနည်းလမ်းကို သုံးနိုင်တယ်။ စစ်ကြေညာခွင့်ရှိတယ်။ စစ်ရေးအရေးပေါ်ကာလမှာ NLD ပါတီအပါအဝင် ပြည်သူတိုင်း၊ ပါတီတိုင်း၊ လက်နက်ကိုင်တပ်တိုင်းဟာ ပါဝင်ရမယ်။ အမိန့်နာခံရမယ်။ ဒီတော့ NLD ပါတီ အပါအဝင် ပြည်သူတိုင်းဟာ ( လက်နက်ကိုင်တော်လှန်ရေး လုပ်နေတာလည်း မဟုတ်ဘူး။ ပရမ်းပတာသ/တ်ဖြတ်နေတာလည်း မဟုတ်ဘူး။) စစ်ရေး နည်းလမ်း military mean နဲ့ သူပုန် စကစတပ်ကို ခုခံကာကွယ်နေတာ ဖြစ်တယ်

ဒီလို အတွေးအခေါ် ပိုင်း အစာကြေဖို့ လိုတယ်။

--

အနှစ်ချုပ် ပြောရရင် NLD ရိုးရိုးပါတီဝင်အနေနဲ့ ကျန်ရစ်သူတွေကတော့ မဟတ္တမ ဂန္ဒီလို အဟိံသ တရား ပွါးများချင်ရင်၊ မာတင်လူသာကင်း ဂျူနီယာလို အကြမ်းမဖက် လူထုလှုပ်ရှားမှု non-violence movement လုပ်ချင်ရင် အာဏာ မယူပဲ လူ့အခွင့်အရေး လှုပ်ရှားသူတွေလို၊ သူတော်စင်တွေလို နေသင့်တယ်။ ပြည်သူ့ကိုယ်စားပြု ဆင့်လွှဲအာဏာ mandate ရှိတဲ့ လူတွေ ၊အစိုးရထဲ၊ လွှတ်တော်ထဲရောက်နေသူတွေအဖို့ "violence အကြမ်းနည်း " ကို ရှောင်ရှားလို့ မရဘူး။ (အတိတ်ကလဲ မရှောင်ကြပါဘူး။) ငါးပါးသီလမြဲချင်ရင် တေမိမင်းလို မင်းအစိုးရမလုပ်ပဲ တောထွက်ဖို့ပဲ။ မင်းအစိုးရဖြစ်မှတော့ အကြမ်းပတမ်း ကိုင်သင့်တာ ကိုင်ရမှာပဲ၊ ဘယ်လို အမျိုးအစားကို လက်ကိုင်ပြုမလဲပဲ ရွေးချယ်စရာရှိတယ်။

ပြည်သူ့ကိုယ်စားလှယ်တွေ၊ NLD အမတ်တွေပါဝင်တေဲ့ NUG နိုင်ငံတော် အစိုးရအနေနဲ့ မအလ စကစ သူပုန်သူကန်တွေ ထကြွသောင်းကျန်းလို့ ပြည်သူ့ ခုခံတွန်းလှန်စစ်ပွဲကို ဆင်နွဲနေချိန်မှာ NLD ပါတီ CEC က ကန့်ကွက်လို့လဲမရသလို၊ ( အတိတ်က ကန့်ကွက်ခဲ့တာလည်း မရှိဘူး) ။

Comments

Popular posts from this blog

ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်နယ် ဖွဲ့ဖို့ လမ်းညွန်ခဲ့တဲ့လို့ ပြောဆို ရေးသားတဲ့ လူတိုင်းဟာ လိမ်လည်မှုကို ကျူးလွန်နေတာ ဖြစ်တယ်

မြန်မာတွေက မြန်မာ ( ဗမာ ) ပြည်နယ် မဖွဲ့ပဲ တိုင်းဒေသကြီးတွေ ဖန်တီးထားသလား

ဗမာလူမျိုးကြီးဝါဒ (သို့မဟုတ်) စစ်တပ်မနိုင် ဗမာမဲ (part 1)