ဗိုလ်ချုပ် အောင်ဆန်း ပြောကြားသည့်မိန့်ခွန်း

ပင်လုံစာချုပ် ချုပ်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း လမ်းညွန်ခဲ့သော ပင်လုံကတိကဝတ်များထဲမှ တချို့၊ 
( ပင်လုံကတိကဝတ် ဆိုတာ စော်ဘွားတွေကို ပြောတဲ့ စကားတွေချည်းပဲ မဟုတ်ဘူး။ တောင်တန်း ပြည်မ ပြည်သူလူထုကို ပြောတာတွေလည်း ပင်လုံကတိကဝတ်တွေပဲ။ )

ယခု နားလည်ထားကြဖို့ အချက်က ယခုခေတ် ကမ္ဘာကြီး၏ အခြေမှာ ဘယ်တိုင်းပြည် မဆို၊ ကိုယ့်တိုင်းပြည် တပြည်တည်း အထီးတည်း နေနိုင်တဲ့ အခြေမျိုး မရနိုင်ဘူး။ တပြည်နှင့်တပြည် ပေါင်းစပ် အမှီသဟဲ ရှိမှ နေနိုင်ကြမည် ဆိုတဲ့ အချက်ပါဘဲ။

နောက်တချက်က လူမျိုးရေး အကြောင်းကို ပြောလိုပါတယ်။ လူမျိုးရေး ဆိုတာမှာလဲ ရှေးခေတ်က ဟစ်အော်လာကြတဲ့ (အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ) ဆိုတဲ့ စကားမျိုးကို လက်သုံးပြုလို့ မလုံလောက်တော့ဘူး။ အမျိုး ဆိုရာမှာ ဘယ်လို အမျိုးကို တည်ရမလဲ၊ ဗမာ၊ ကရင်၊ ကချင်၊ ချင်းနှင့် အခြား အမျိုးများလဲ ရှိသေးတယ်။ တခြားနိုင်ငံများကို ကြည့်လိုက်လျှင် ဗမာပြည်မှာလို တိုင်းရင်းသား လူမျိုး အများ ရှိတာကို တွေ့နိုင်ပါတယ်။

တရုပ်ပြည်၊ ဂျပန်ပြည်နှင့် ရုရှားပြည်တို့မှာလဲ သည်အတိုင်းဘဲ။ အမေရိကန်ပြည်မှာလဲ အင်္ဂလိပ်စကားကို ပြောကြသော်လဲ အင်္ဂလိပ်၊ အီတလီ စတဲ့ လူအမျိုးမျိုးတို့ စုပေါင်းပြီး၊ လူမျိုးတမျိုးဖြစ်အောင် ထူထောင်ပြီး၊ သူတို့ ကိုယ်ကို "အမေရိကန် " လို့ ဆိုကြတာဘဲ။ 

ဒါကြောင့် လူမျိုးရေး အားဖြင့် ကြည့်လျှင် လူမျိုးတမျိုးတည်းကို လိပ်ခဲတင်းလင်း စွဲပြီး ယူဆလို့ မဖြစ်နိုင်ဘူး။ ဘာသာစကားပင် တူသော်လဲ၊ လူမျိုး ခြားနားမှုလဲ ရှိပါတယ်။ ဘာသာပင် မတူသော်လဲ လူမျိုး သီးခြား ဖြစ်နေတာလဲ ရှိပါတယ်။ ဥပမာ အမေရိကန်ကို ကြည့်လျှင် လူအမျိုးမျိုး ဖြစ်သော်လဲ ဘာသာစကား တူပါတယ်။ ရုရှားပြည်မှာဆိုလျှင် ဘာသာစကားအမျိုးပေါင်းများစွာ ကွဲသော်လဲ လူမျိုးကတော့ တမျိုးတည်း ဖြစ်ပါတယ်။ သာသနာဆိုတာကတော့ ကိုယ်ကိုးကွယ်ချင်တဲ့ ဘာသာ၊ သာသနာကို ကိုးကွယ်နိုင်ကြတာဘဲ။ ဗမာပြည်မှာ လူအများစုက ဗုဒ္ဓဘာသာ ဖြစ်ပေမဲ့၊ ခရစ်ယန် ဘာသာ ကိုးကွယ်သူ၊ မဟာမေဒင် ဘာသာ ကိုးကွယ်သူ၊ နတ်ကိုးကွယ်သူ အမျိုးမျိုး ရှိတာဘဲ။ သည်တော့ ဒါတွေကို စွဲပြီး လူမျိုးရေးတရား လုပ်လို့ မဖြစ်နိုင်ဘူး။

စစ်ကြီးအတွင်းက ကျွန်တော် ဝန်ကြီး လုပ်တုန်းမှာ ကရင်အမျိုးသားတပ်ရင်း ဖွဲ့စဉ်တုန်းက ထမင်းစားပွဲ တခုမှာ ကရင်စစ်သားတဦးက လူမျိုးအချင်းချင်း ညီညွတ်ဖို့ အကြောင်း ပြောတဲ့အထဲမှာ (ဗမာက ဖဲရိုက်၊ ကရင်က ငါးမျှား) ဆိုတာလို အတူတူပါဘဲလို့ ပြောတာကို သတိရပါတယ်။ ကိုယ့်ဒေသအလိုက်၊ ကိုယ် ယုံကြည်တာကို ကိုးကွယ်နေထိုင်ကြပြီး တတိုင်းတပြည်လုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စကြီးမှာ ညီညီညွတ်ညွတ် လုပ်ကြယင်၊ ဒါဟာ တမျိုးတည်းလို့ ယူဆကြရမယ်။

အချင်းချင်း သဘောကွဲလွဲမှုမျိုး ဆိုတာကတော့ နည်းနည်းပါးပါးတော့ ရှိမှာဘဲ။ ဒါပေမယ့် သူတပါးနိုင်ငံက ကိုယ့်နိုင်ငံကို လာရောက် စော်ကားလို့ အသက်ကို စွန့်ပြီး မလျှော့တမ်း ကာကွယ်တိုက်ခိုက်တာကတော့ အားလုံးနဲ့ သက်ဆိုင်တဲ့ အလုပ်မျိုး ဖြစ်တာဘဲ။ တိုက်ခိုက်ကြတဲ့ အခါမှာ စစ်သေနာပတိဟာ ကရင် ဖြစ်ချင်ယင်လဲ ဖြစ်မယ်၊ ကချင်၊ ချင်း ဖြစ်ချင်ယင်လဲ ဖြစ်မယ်။ ဘယ်သူဖြစ်ဖြစ် တမိန့်တည်း လိုက်နာဆောင်ရွက်ကြရမှာဘဲ။

တတိုင်းပြည်လုံး ကြီးပွားစေချင်ယင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး၊ အင်တိုက် အားတိုက် လုပ်နိုင်မှ အကျိုး ခံစားခွင့် ရှိကြမှာဘဲ။ ဗမာက တမျိုး၊ ကရင်က တဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြား၊ အကွဲကွဲအပြားပြား လုပ်နေကြယင် အကျိုး ရှိမှာ မဟုတ်ဘူး။ စုပေါင်း လုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလဲ အကျိုးရှိကြောင်း သိနိုင်တယ်။ 

ပဌမ ကျုပ်တို့ အဆင်းရဲ ခံရမယ်။ ယခုအခါ အင်္ဂလန်ပြည်မှာ အစားအသောက် အဝတ်အထည်များမှ စ၍ အတော်ချွေတာပြီး အဆင်းရဲ ခံနေကြတယ်။ ဒါ ဘာလဲဆိုယင် တပြည်လုံးအတွက် အကျိုးရှိအောင် လုပ်နေကြခြင်း ဖြစ်တာဘဲ။  သူတို့ လုပ်နည်းက ပဌမ အဆင်းရဲခံပြီး၊နောင် အကောင်အထည် ပေါ်ပြီး အကျိုးရှိမှာ သေချာပေါက် ဖြစ်နေတယ်။
 
ဒီထက်ပိုပြီး ခရီးရောက်အောင် ဆောင်ရွက်ချက်တခု ထားဖို့ နားလည်စေချင်တာက အင်ဒိုချိုင်းနား၊ အင်ဒိုနှီးရှား စတဲ့ အရှေ့ဘက် နိုင်ငံများ စုပေါင်း ဆောင်ရွက်နိုင်တဲ့ အားဖြစ်တယ်။ အဲဒီ အားမျိုး ရှိယင်တော့ ၊ ကမ္ဘာ့ထိပ်တန်း အခြေ ဆိုက်ရောက်နိုင်မှာဘဲ။ နောက်ဆုံး ကျုပ် ပြောချင်တာက အင်္ဂလိပ်နဲ့ ကျုပ်တို့ဟာ (ကျွန် နှင့် သခင်) ဘဝမျိုးတွင် မတည့်နိုင်ကြပေမဲ့၊ လွတ်လပ်တဲ့ ဘဝမျိုး ဖြစ်လျှင် မိတ်ဆွေ အဖြစ်နှင့် သင့်မြတ် ချစ်ခင်ကြလိမ့်မယ်လို့ မြှော်လင့်ပါတယ်။ ။

ဗိုလ်ချုပ် အောင်ဆန်း [ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ည၊ ပင်လုံမြို့ စော်ဘွားများ ထမင်းစားပွဲတွင်ပြောကြားသော မိန့်ခွန်း။ ]

==========



ဒီမိုကရေစီ ဆိုတာ  

အဲဒီတော့ သမ္မတ စံနစ်ကို လိုချင်တယ်။ သမ္မတ စံနစ်ဟာ တိုင်းသူ ပြည်သားတွေသာလျှင် အရင်းခံ မူလဘူတ ဖြစ်တယ်ဆိုတဲ့ သဘာဝကို ပြန်ဖော်တယ်။ လူလူချင်းအတူတူဘဲ ဆိုတဲ့ သဘာဝကို ပြန်ဖော်တယ်။ ဒါပေမဲ့ အတု သတိပြုရမယ်။“အစိုးရ” ဆိုတဲ့ အာဏာဟာ အင်မတန် အဖိုးတန် အသုံးဝင်တယ်။ အဲဒီ အာဏာကိုလဲ ပစ္စည်း အင်အားကောင်းတဲ့ လူတွေ အချင်းချင်း လုကြတယ်။ ရယင်လဲ လက်မလွှတ်ချင်ဘူး။ တိုင်းသူပြည်သားတွေဆိုတာကတော့ အဲဒီထဲမှာ ဒုတ်လုပ်ပြီး အရိုက်ခံရမဲ့ အခါကျမှ ပါရတာဘဲ။ ဒီလို အာဏာ လုကြတဲ့ အခါမှာ “ဒီမိုကရေစီ” ဆိုပြီး “ပြည်သူ့ဆန္ဒ၊ ပြည်သူ့ အာဏာ”လို့ ကြွေးကြော် ဟစ်အော်ပြီး ၊ ညာတဲ့ စံနစ်တွေလဲ ရှိတယ်၊ လူတွေက တိုင်းသူပြည်သားတွေက “အစိုးရ” အာဏာ အပ်လိုက်တုန်းက ကျုပ်တို့အတွက် ကောင်းအောင် လုပ်ပေးပါ ဆိုပြီး အာဏာ အပ်လိုက်တာဘဲ။ ဒါပေမဲ့ ကျုပ်တို့ကို ခင်ဗျားတို့ အုပ်စိုးတဲ့ လူတွေအတွက် နှိပ်ကွပ် အုပ်ချုပ်ပါဆိုတဲ့ အချက်သာ ဖြစ်နေတာဘဲ။ လူတွေက တင်မြှောက်ပြီး လူတွေရဲ့ အကျိုးကို လုပ်တဲ့ လူတွေရဲ့ အစိုးရသာလျှင် ဒီမိုကရေစီ ဖြစ်နိုင်မယ်။ အခြားဟာတွေ ဒီမိုကရေစီ အစစ် မဖြစ်နိုင်ဘူး။ အတုတွေသာ ဖြစ်တယ်။

အဲဒီလို စံနစ်မျိုးနဲ့ သမ္မတ အစိုးရမျိုးမှသာ ကျုပ်တို့ တိုင်းသူပြည်သားတွေကို အကျိုး ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မှာဘဲ။ ဒီမိုကရေစီတိုင်း ဒီမိုကရေစီတာ မဟုတ်ဘူး။ ဒီမိုကရေစီ ခေတ်စားလာတဲ့အခါမို့ ရောယောင်ပြီး သံဖမ်း ပြောကြတာတွေလဲ အများကြီးဘဲ။ ဒါဖြင့် ဒီမိုကရေစီဆိုတာ ဘာလဲ။ လူလူချင်း၊ လူတန်းစား အချင်းချင်း။ လူမျိုးအချင်းချင်း အစရှိသည်အားဖြင့် အခွင့်အရေး တန်းတူ ကျပ်ပြည့် မရှိသမျှ ကာလပတ်လုံး ဒီမိုကရေစီ ကျပ်ပြည့်တင်းပြည့် မဟုတ်သေးဘူး။

အခု ဒီမိုကရေစီ ခေါ်နေတဲ့ တိုင်းပြည်တွေ အများဟာ တကယ့် ဒီမိုကရေစီ မဟုတ်သေးဘူး။ ငါးမူး၊ သုံးမူး တပဲလောက်ဘဲ ဒီမိုကရေစီတွေ ဖြစ်ကြသေးတယ်။ အဲဒီ ဒီမိုကရေစီတွေဟာ အရင်းစစ်လိုက်တော့ အရင်းရှင်ခေါ်တဲ့ ပစ္စည်းရှင် အရင်းရှင်တွေ စီးပွားရေး ခြယ်လှယ်တဲ့ စံနစ်အခြေခံတဲ့ ဒီမိုကရေစီတွေ ဖြစ်တယ်။ တနည်းအားဖြင့် အရင်းရှင်တွေရဲ့ အာဏာရှင် စံနစ် အုပ်ချုပ်ရေး၊ ဒီမိုကရေစီ ဆိုတဲ့ ဗန်းပြထားတဲ့ အုပ်ချုပ်ရေးဘဲ။

ဗမာပြည် လွတ်လပ်ရေး ရတဲ့အခါ တိုင်းသူပြည်သားတွေသာလျှင် အဓိက လိုလားပြီး တိုင်းပြည် ထူထောင်ချင်တယ်ဆိုယင် ဒီမိုကရေစီ စံနစ်အရမှ ဖြစ်နိုင်မယ်။ ဒီမိုကရေစီ အရင်းခံဘဲ။ ဆိုရှယ်လစ်ဝါဒ ကွန်မြူနစ်ဝါဒ ဆိုတာတွေဟာ စင်စစ်တော့ ဒီကနေ ဖြာထွက်သွားတာဘဲ။ ဘယ်ဟာမှ ဒီမိုကရေစီ မစစ်သေးဘူး။ နိုင်ငံရေးတွင်မက စီးပွားရေးပါ ပါမှ ဒီမိုကရေစီ စစ်နိုင်မယ်လို့ ဒီမိုကရေစီ သဘောတရားတွေကို လိုက်ရှာပြီး လုပ်နေကြခြင်းသာ ဖြစ်တယ်။

ဗိုလ်ချုပ် အောင်ဆန်း [ ၁၉၄၇ ခု၊ မေလ ၁၉ ရက်နေ့၊ ဂျူဗလီဟော ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း။ ]

 

အချုပ်အချာ အာဏာဆိုတာ


အချုပ်အချာ အာဏာဆိုတာ ဥပဒေသဘော၊ ပါးစပ်သဘော ဖြစ်ရုံနဲ့ မပြီးသေးဘူး။ ကျုပ်တို့ တိုင်းပြည် နောက်က၊ ကျုပ်တို့ တိုင်းပြုပြည်ပြု လွှတ်တော်နောက်က (Popular mass sanction) ခေါ်တဲ့ တိုင်းပြည်လူထုရဲ့ အားပေးထောက်ခံမှု ရမှ အချုပ်အချာ အာဏာဆိုတာ သေသေချာချာ အကောင်အထည် ဖော်နိုင်မယ်။ ကျွန်တော်တို့လို အခြေအနေမျိုး မပြောနဲ့။ လွတ်လပ်နေတယ်ဆိုတဲ့ နိုင်ငံတွေရဲ့ အချုပ်အချာ အာဏာတွေတောင် ကိုယ့်တိုင်းပြည်နောက်က (Sanction) အားမကောင်းလို့ ရှိယင် အချုတ်အချယ် ခံရတယ်ဆိုတာ ကျွန်တော်တို့ သတိပြုကြရမယ်။ အဲဒါက ဥပဒေ သဘော၊ ဥပဒေစကား မဟုတ်ဘူး။ နိုင်ငံရေးသဘော၊ နိုင်ငံရေး စကားဘဲ။

ဗိုလ်ချုပ် အောင်ဆန်း [ ၁၉၄၇ ခု၊ မေလ ၁၉ ရက်နေ့၊ ဂျူဗလီဟော ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း။ ]

------

လူများစု အာဏာပိုင် အုပ်ချုပ်ရေး

ဒီမိုကရေစီသစ်အရ လုပ်မဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေမျိုးဟာ ဘယ်လို ဖြစ်ရမလဲ ဆိုယင် တိုင်းသူပြည်သား လူအများစုတွေ အာဏာပိုင် အဖြစ် အုပ်ချုပ်နိုင်အောင် သူတို့ ရွေးကောက်တဲ့ ကိုယ်စားလှယ်တွေဟာ အောက်ကနေပြီး ထိပ်အထိ တိုင်းပြည် အုပ်ချုပ်ရေး ၊တိုင်းပြည် အစိုးရ အာဏာကို ကိုင်ထားရမယ်။ သူတို့ ရွေးကောက်လိုက်တဲ့ ကိုယ်စားလှယ်တွေကို မကြိုက်လို့ရှိယင် ပြန်ခေါ်နိုင်ရမယ်။

ဒီတော့ အခု ဗမာပြည်မှာ ရှိနေတဲ့ အရာရှိ ဗျူရိုကရက် အုပ်ချုပ်ရေးမျိုး မရှိနိုင်တော့ဘူး။ တိုင်းပြည်သစ္စာ မဖောက်တဲ့ တိုင်းကြီး ပြည်ကြီးသားတွေဟာ ပြည်သူ့ လွတ်လပ်ခွင့်တွေကို အများအကျိုးအတွက် လုပ်မဲ့နေရာတွေမှာ ရရှိလိမ့်မယ်။ ဒီနေရာမှာ လူများစုလို့ ဆိုတာဟာ ပစ္စည်း အခြေအနေ၊ ရာထူးအခြေအနေကို အကြောင်းပြုပြီးသာ လူများစု၊ လူနည်းစု ဖြစ်ကြတဲ့ လူတွေကိုသာ ဆိုလိုတယ်။ လူမျိုးရေးအရ ကွဲပြားနေတဲ့ လူများစု လူနည်းစုကိစ္စတွေမှာတော့ လူများစု လူမျိုးစုက လူနည်းစု လူမျိုးတွေအပေါ် လွှမ်းမိုးမှု မရှိစေမှ ဒီမိုကရေစီ မှန်မယ်။ လူမျိုးအရ၊ ဘာသာအရ၊ လိင်အရ အခွင့်အရေး ခွဲခြားမှု၊ နှိမ့်ချမှုတွေကို ဥပဒေအရ ပယ်ဖျက်ပြီး ဒီလို နှိမ်နင်းတာတွေမျိုး တွေ့ယင် ဥပဒေအရ အပြစ်ပေးတာမျိုးတောင် စီမံရမယ်။ ဒါမှ ဒီမိုကရေစီ ပီသမယ်။ လူမျိုးရေးနှင့် ပတ်သက်၍ ထပ်မံပြီး ကျွန်တော် ဆွေးနွေးပါအုံးမယ်။

အထက်မှာ ပြောခဲ့တဲ့အထဲမှာ အခု ဗမာပြည်မှာ ရှိနေတဲ့ အရာရှိ ဗျူရိုကရက် အုပ်ချုပ်ရေးမျိုး မရှိနိုင်တော့ဘူးဆိုတာဟာ ဘာဆိုလိုတာလဲ။ ကျွန်တော် ရှင်းပြလိုပါသေးတယ်။ လွတ်လပ်မဲ့ ဗမာပြည်ကြီးမှာ အခု အစိုးရ အရာထမ်း အမှုထမ်းတွေ၊ လောကဓာတ်ဆရာ၊ ပညာသည်၊ စက်ဆရာ၊ ဆေးဆရာ အစရှိတဲ့ လူတွေကို မလိုတော့ဘူးလားဆိုယင် သူတို့ကို လိုလိမ့်မယ်။ သူတို့အထဲက (Technicians) ခေါ်တဲ့ အထူး သင်ကြားမှု တတ်တဲ့လူတွေ ဆိုလို့ ရှိယင် အစိုးရက ကောင်းကောင်း မြှောက်စားရမှာဘဲ။ ဒါပေမဲ့ သူတို့ဟာ ပြည်သူ့ အစိုးရ၊ ပြည်သူ့ မိတ်ဆွေတွေဘဲ ဖြစ်ရမယ်။ ပြည်သူတွေကို ဂရုမစိုက်ဘဲ အထက်လူကြီး ကြိုက် ပြီးရော လုပ်တဲ့ လူစားတွေ မဖြစ်ရဘူး။ တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ သစ္စာကို စောင့်ထိန်းတဲ့ လူတွေ ဖြစ်ရလိမ့်မယ်။ အဲဒီလို လူတွေ အမှန်မတော့ တချို့ လခတွေ ဘာတွေမှာ နည်းချင် နည်းလာပေမဲ့ လွတ်လပ်မဲ့ ဗမာပြည်မှာ ပိုပြီးအခွင့်အရေးတွေ ပေးလာနိုင်ပါလိမ့်မယ်။ အခုအခါ အင်္ဂလိပ်တွေသာ လုပ်နေရတဲ့ နေရာမျိုးတွေ ကျွန်နိုင်ငံ ဖြစ်နေလို့၊ သခင်နိုင်ငံ လုပ်ရတဲ့ နေရာမျိုးတွေမှာ သူတို့ ဝင်ခွင့်၊ လုပ်ခွင့် ရှိလာကြမှာဘဲ။ သို့သော်လဲ ရှေးက အရာရှိ စံနစ်အတိုင်း ပြည်သူတွေနှင့် တခြားစီတော့ နေလို့ မဖြစ်နိုင်ဘူး။

ဗိုလ်ချုပ် အောင်ဆန်း [ ၁၉၄၇ ခု၊ မေလ ၁၉ ရက်နေ့၊ ဂျူဗလီဟော ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း။ ]

------

ဗမာပြည်မှာ လူထုညီညွတ်ရေး၊ တိုင်းရင်းသား ညီညွတ်ရေးတွေဟာ မပြိုကွဲဘဲနဲ့ ဘယ်သူမှ ဖောက်ထွင်းလို့ မရလို့ ရှိယင်၊ နောက်ပြီးတော့ကာ လက်ဝဲသမားဆိုတဲ့ လူငယ်နိုင်ငံရေးသမားတွေ ညီညွတ်သည်ထက် ညီညွတ်ယင် အဲဒီ အင်အားဟာကြီး ကြီးသလောက် ခင်ဗျားတို့ရဲ့ လွတ်လပ်ရေးဟာ ပိုကောင်းလာမယ်။ အဲဒီ အင်အားဟာငယ် ငယ်သလောက် ခင်ဗျားတို့ လွတ်လပ်ရေးဟာ ရတယ် ဆိုပေမဲ့ နည်းနေမယ်။ အခွင့်အရေး နည်းနေမယ်။ နောက်တခါ အဲဒီလို နေရာမှာ နိုင်ငံရေးသမားတချို့ ခြေထိုးတာကို ခင်ဗျားတို့ ယောင်မှားလို့ အင်မတန် ဖရိုဖရဲ ဖြစ်ကြယင်တော့ဖြင့်ယင် အဲဒါ ခင်ဗျားတို့ လွတ်လပ်ရေး ရမှာ မဟုတ်ဘူး။ 

ဗိုလ်ချုပ် အောင်ဆန်း [ ၁၉၄၇ ခု၊ မေလ ၁၉ ရက်နေ့၊ ဂျူဗလီဟော ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း။ ]
------





Comments

Popular posts from this blog

မြန်မာတွေက မြန်မာ ( ဗမာ ) ပြည်နယ် မဖွဲ့ပဲ တိုင်းဒေသကြီးတွေ ဖန်တီးထားသလား

ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်နယ် ဖွဲ့ဖို့ လမ်းညွန်ခဲ့တဲ့လို့ ပြောဆို ရေးသားတဲ့ လူတိုင်းဟာ လိမ်လည်မှုကို ကျူးလွန်နေတာ ဖြစ်တယ်

ဗမာလူမျိုးကြီးဝါဒ (သို့မဟုတ်) စစ်တပ်မနိုင် ဗမာမဲ (part 1)